(၄၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုင်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုင်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ






MNP ၊  ဩဂုတ်  ၂၈

ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ ရှိကြရာ ယမန်နေ့နံနက် ၉ နာရီခန့်က (၄၄)ကြိမ် မြောက်ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းဆင်ယင်ကျင်းပခဲ့ကြသည်။


ဦးစွာ သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး သဘာပတိဦးစောကြည်လင်းက ချည်ဖြူဖွဲ့ မင်္ဂလာနှင့်ပတ်သက်၍အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဝါခေါင်လရောက်တိုင်း လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ ထုံးချည်နှောင်သည့်ဓလေ့သည် မိသားစုများစည်းစည်းရုံးရုံးနှင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည် တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်ကြား နွေးနွေးထွေထွေးဆွေးနွေးတိုင်ပင် ကြခြင်းဖြင့် စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးမှုများ တိုးပွားရရှိစေကြောင်း၊ မိမိတို့၏ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်လိုသည့်အာသီသများဖြင့် ကရင်တိုင်းရင်းသားရပ်မိရပ်ဖများဦးစီးဦးဆောင်၍ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကိုကျင်းပနိုင်ခြင်းသည် ညီအကိုမောင်နှမအချင်းချင်း လက်တွဲညီညွတ်ပြီး ချစ်ခင်ရင်းနှီးကြသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ပွဲတော်ကြီးအဖြစ် ထင်ဟပ်ပေါ်လွင်စေပါကြောင်း၊ ဂြိုလ်ဆိုးနတ်ဆိုးများနှင့် မကောင်းမှုဟူသမျှလွင့်စင်ပျောက်ပျက်ပြီး အဝေးတွင်ပြန့်လွင့်နေသော ကိုယ်တွင်းဝိဉာဉ်များ ပြန်လည်ဝင်ရောက်ကြပါ၊ ကျန်းမာခြင်း လာဘ် လာဘများနှင့် ကောင်းခြင်းဟူသမျှ ခန္ဓာကိုယ်အတွင်းဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့သ အပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဖြစ်ပေါ် လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်ကျင်းပရေးကော်မတီထံ ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ် ကာ ပွဲတော်ကျင်းပရေးကော်မတီမှ (၄၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုင်ခါင်.စူး) ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။


ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန်(၂)ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့် အဖွားများက မြေးငယ်များခြံရံလျှက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီးပွဲတော် အကြီးအမှူးက မကောင်းသော စိတ်ဝိဉာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့်ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေး သည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆို ခေါ်ယူသည်။


ပွဲတော်အကြီးအမှူးခေါ်ယူရောက်ရှိလာသော (၇)ရက်သား၊သမီးများ၏ ဝိဉာဉ်လိပ်ပြာကောင်းများ ရွှင်လန်း ဝမ်းမြောက်စေရန် ရိုးရာသီချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီ းချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်း သားပြည်သူများက အဖိုး၊ အဖွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။


ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေ၊ ကြံပိုင်းစသည့်ပစ္စည်း(၇)မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသား တို့အား စုပေါင်း ညီညွတ်စွာနေထိုင်စေလိုသည့်အဓိပ္ပါယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသား များထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံအပြားတွင် ကျင်းပလေ့ရှိကြ ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)