ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက် ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက် ဆွေးနွေးပွဲ ကျင်းပ


MNP ၊ ဩဂုတ် ၂၉

ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ တက်ရောက်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်ကြီးများနှင့် ပါမောက္ခများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိကြီးများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြင်ပပညာရှင်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဒေါ်နုမြဇံက ယနေ့ဆွေးနွေးကြမည့်စာတမ်းသည် မြန်မာနိုင်ငံ၏ ရှေးဦးမြို့ပြတည်ပုံစံကို တည်ထောင်ခဲ့သည့် ပျူယဉ်ကျေးမှုခေတ် အခန်းကဏ္ဍကို ပုံဖော်ရေးသားထားသည့် အထောက်အထားများအကြောင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများသာမက အခြားပျူမြို့ဟောင်းများဖြစ်သည့် ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ ကျိုင်းဟုန်မိုင်းမောမြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း(သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားပါကြောင်း၊ အဆိုပါ ပျူမြို့ဟောင်းများနှင့်အတူ ဆက်နွှယ်နေသည့် ရှေးဦးမြို့ပြတည်ဆောက်မှုပုံစံ၊ အဆောက်အဦ တည်ဆောက်မှုဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့်ဝတ်စားဆင်ယင်မှုများ၊ ရေကိုလိုသလို ဖန်တီးအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပျူဂီတနှင့်တူရိယာများ၊ စာပေအထောက်အထားများ စသည်ဖြင့် သုတေသနပြုတွေ့ရှိထားသည့် အထောက်အထား အချက်အလက်များကို ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကိုယ်စားလှယ်က ယနေ့ဆွေးနွေးပွဲသို့ စစ်ဘက်လက်ထောက်အရာရှိက ပေးပို့လာသော ဆန္ဒပြုတိုက်တွန်း စာ အမှာစကားကို ဖတ်ကြားသည်။

ဆက်လက်၍ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များနှင့် ဝန်ထမ်းများက ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ မူကြမ်းရေးသားထားမှုကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် ပြင်ပပညာရှင်များ၊ လေ့လာသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)