နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းမှာကြား





MNP ၊ ဩဂုတ် ၁၅

မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရသကဲ့သို့ လက်ရှိနိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် အချက်အလက်များကို လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်ကာ မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က လက်ရှိ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးအကြီးဆုံးလုပ်ငန်းစဉ်မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်တစ်ခုလုံး မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်အဆင့် (၁)နှင့်(၂) ဆောင်ရွက်ခြင်း၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။


 ဇန်နဝါရီ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု(၁၂) သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့်အိမ်ထောင်စု (၂ ဒဿမ ၈) သန်း‌ကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၄ ဒဿမ ၈) သန်း‌ကျော် ကောက်ယူပြီးစီးပြီ ဖြစ်ပါကြောင်း၊ ယင်းစာရင်းအချက်အလက်များကို ရုံးချုပ်ရှိ  e-ID Server အတွင်း ဖြည့်သွင်း ပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်းကို ရရှိမည်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေပမာဏ (၃ ဒဿမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃၁) ရက်အထိ လူဦးရေ (၃ ဒဿမ ၃) သန်းကျော် (၉၇ ဒဿမ ၀၆) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် နိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိနေသေးသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဩဂုတ် (၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်အထိ (၁၇) လတာကာလအား ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ် သတ်မှတ်၍ ယင်းကာလအတွင်း (၁၈)နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်းတွက်ချက်ပြီး လူဦးရေ (၁ ဒဿမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃၁) ရက်ထိ လူဦးရေ (၉)သိန်းကျော်(၅၆ ဒဿမ ၃၉) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း သည် မဲပေးခွင့်ရှိပါလျက် နိုင်ငံသားကတ်မရှိသဖြင့် မဲမပေးရသူမရှိစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။


ထို့ပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှ (၁၅) ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှ မြို့နယ်(၂၀)ကို ရွေးချယ်ပြီး ယင်းမြို့နယ်များ၏ စာရင်းကောက်ကွက်(၁၀၀)ကို နမူနာရွေးချယ်ကောက်ယူသွားမည်ဖြစ်ရာ စမ်းသပ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း။


အလားတူ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိ ကောက်ယူ ရရှိသည့် ကိုယ်ရေးအချက်အလက်များကို e-ID ကိုယ်ရေးအချက်အလက် မှတ်ပုံတင်ခြင်းစနစ်     (e-ID Biographic Registration System) အတွင်းသို့လည်းကောင်း၊ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်း ဆော့ဝဲလ်ပရိုဂရမ် (Household Registration Software Program) အတွင်းသို့ လည်းကောင်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၀) ရက်အထိ လူဦးရေ (၅၁)သန်းကျော်၊ အိမ်ထောင်စု(၁၃)သန်း‌ကျော် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း။


ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်အထိ လူဦးရေ (၇)သိန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် ဌာန၏ လက်ငင်းဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပမာဏနှင့် အချိန်ကာလ သတ်မှတ်ချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။


ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)