ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပြည်မြို့သို့ ကွင်းဆင်းဆေးကုသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပြည်မြို့သို့ ကွင်းဆင်းဆေးကုသ


MNP ၊ ဩဂုတ် ၂၈

ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသခံအထူးကုဆရာဝန်ကြီးများ၏ ဒေသအလိုက် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခြင်းအပြင် အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများ ရရှိနိုင်စေရေးအတွက် ရန်ကုန်၊ မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတို့မှ ဆီးနှင့်ကျောက်ကပ်ဆေးပညာ၊ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ အသည်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ သွေးရောဂါဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ် ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ပြည်မြို့ပေါ်သာမက ပဲခူးတိုင်းဒေသကြီး အနောက် ခြမ်းမှ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ်သုံးမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြသည်။

ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၁၂၁ ဦး၊ ရင်ခေါင်းဆေးကုလူနာ ၄၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၆၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ ၁၄၂ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လေးဦး၊ အသည်းရောဂါဆေးကုသမှုဆိုင်ရာ ၂၉ ဦး၊ သွေးရောဂါဆိုင်ရာ ၁၆ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ၇၃ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ ၁၇၃ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ ၄၀၃ ဦး၊ မျက်စိရောဂါဆိုင်ရာ ၅၄ ဦး၊ သားဖွားမီးယပ်ရောဂါဆိုင်ရာ ၁၃ ဦး၊ အရိုးရောဂါဆိုင်ရာ ၁၆၅ ဦး၊ အထွေထွေခွဲစိတ်မှုဆိုင်ရာ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ၃၁ ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာ လေးဦး၊ ကင်ဆာဆေးကုဆိုင်ရာ နှစ်ဦး၊ ကလေးလူနာ ၁၇ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၄၀၂ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း ၂၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း ငါးဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်းတစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း ၁၁ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၂၂၂ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၂၇၈ ဦး၊ သွေးချိုဓာတ်တိုင်းတာခြင်း ၂၇ ဦး၊ Ultrasound ရိုက်ကူးခြင်း ၁၅၄ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း ၂၄၅ ဦး၊ ခါးရိုးဆစ်မှ ချဉ်ဆီအရည်နမူနာယူ၍ စမ်းသပ်စစ်ဆေးခြင်း နှစ်ဦး၊ လက်ချောင်း အရွတ်အိတ်အတွင်း ဆေးထိုးကုသခြင်း သုံးဦး၊ လက်ကောက်ဝတ်အဆစ်အတွင်း ဆေးထိုးကုသခြင်း တစ်ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး အထူးကုဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဆေးတက္ကသိုလ် (၂)ရန်ကုန် ဆီးနှင့် ကျောက်ကပ်ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာသူဇာသင်းက လာရောက်ပြသသူ ဒေသခံပြည်သူများနှင့် ဆရာဝန်၊ သူနာပြုများအား ကျောက်ကပ်ရောဂါနှင့် ပတ်သက်၍ နေထိုင်စားသောက်ရန် အကြံပြုချက်များ၊ ရှောင်ရမည့် အစားအသောက်များအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။

ထို့ပြင် အသည်းရောဂါဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ လေးဦး၊ နှလုံးရောဂါခွဲစိတ်ရန် လိုအပ်သောလူနာ သုံးဦး၊ အဆုတ်အတွင်းမှန်ပြောင်းကြည့်ရှုရန် လိုအပ်သောလူနာ သုံးဦးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့တို့သို့သွားရောက်၍ ဆေးကုသမှုများဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)