ရွှေလီ လျှပ်စစ်မီး ပြတ်တောက်ရခြင်းအကြောင်း . . . - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေလီ လျှပ်စစ်မီး ပြတ်တောက်ရခြင်းအကြောင်း . . .



ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း အသုံးပြုနေသော လျှပ်စစ်မီး (ရွှေလီ စက်ရုံ) သည် ၂၀-၈-၂၀၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ ၂၂-၈-၂၀၂၃ ရက်နေ့ ည ၈ နာရီခွဲအထိ သုံးရက်ကြာ နာရီပေါင်း ၆၂ နာရီ မိနစ် ၃၀ ပြတ်တောက်နေပြီး  အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုတွင် မူဆယ် မြို့နယ် (မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့)နှင့် နမ့်ခမ်းမြို့နယ်တို့ ပါဝင်ပါသည်။


ရေရှည်တည်တံ့စေရန် ထိန်းသိမ်းပြုပြင်

လျှပ်စစ်မီး(ရွှေလီ) သုံးရက်ပြတ်တောက်ရသည်မှာ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ၁၀၀ မဂ္ဂါဝပ် အင်အားစက်ခြောက်လုံးကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေသောကြောင့်ဖြစ်ပါသည်။ သုံးရက်ကြာ ဓာတ်အား ပိတ်ပြီး Main Transformer ကို စစ်ဆေးပြုပြင်ခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေး ထိန်းသိမ်းပြုပြင် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါသည်။


ထိုရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ခရိုင် နမ့်ခမ်းမြို့နယ်၏ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာရှိ မန်တပ်ကျေးရွာအနီးတွင် စီးဆင်းနေသော ရွှေလီမြစ်ပေါ်၌ ရေထိန်းတမံ တည်ဆောက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုမရှိသလောက် အနည်းဆုံးဖြစ်အောင် မြစ်ရေစီးကြောင်းစနစ် (Run- Of- River- Type) ဖြင့် တည်ဆောက်ထားသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ရုံ ဖြစ်ပါသည်။


၆၀၀ မဂ္ဂါဝပ်ဖြင့် ဓာတ်အားထုတ်လွှတ်ပေးလျက်ရှိ

ရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကို ၂၀၀၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလမှစတင်၍ ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပါသည်။ စက်ရုံ အတွင်းတွင် စက်တပ်ဆင်အင်အား ၁၀၀ မဂ္ဂါဝပ် ခြောက်လုံးဖြင့် စက်တပ်ဆင်အင်အား ၆၀၀ မဂ္ဂါဝပ်ဖြင့် ဓာတ်အားထုတ်လွှတ်ပေးလျက် ရှိပါသည်။


ရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မှ ထွက်ရှိလာသော ဓာတ်အားများကို ရွှေလီ-မန်စံ ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း၊ ရွှေလီ-တကောင်းနီကယ် ၂၂၀ ကေဗွီ နှစ်ထပ်ဓာတ်အား လိုင်း၊ ရွှေလီ - နမ့်ခမ်း - မူဆယ် ၆၆ ကေဗွီ ဓာတ်အားလိုင်း၊ တရုတ်နိုင်ငံသို့ ရွှေလီ - ဟန်နုန်း ၂၂၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်းများဖြင့် ဓာတ်အားထုတ်လွှတ်ပေးလျက်ရှိပါသည်။


ဓာတ်အားပေးပို့ ဖြန့်ဖြူးပေးနေ

ရွှေလီ(၁) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် ဓာတ်အားပေးစက် ၁၀၀ မဂ္ဂါဝပ် ခြောက်လုံးရှိသည့်အနက် ဓာတ်အားပေးစက် မဂ္ဂါဝပ်လေးလုံးမှ ၄၀၀ မဂ္ဂါဝပ်ကို မြန်မာ့ဓာတ်အား စနစ်ဖြင့် ချိတ်ဆက်၍ မန်စံဓာတ်အားခွဲရုံ၊ နမ့်ခမ်း ဓာတ်အားခွဲရုံ၊ မူဆယ်ဓာတ်အားခွဲရုံတို့သို့ ဓာတ်အား ပေးပို့ ထုတ်လုပ်လျက်ရှိပြီး ဓာတ်အားပေးစက် မဂ္ဂါဝပ်နှစ်လုံးမှ ၂၀၀ မဂ္ဂါဝပ်ကို တရုတ်နိုင်ငံ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ အတွင်းရှိ တကောင်းနီကယ်စက်ရုံနှင့် တရုတ်နိုင်ငံရှိ ဟန်နုန်းဓာတ်အားခွဲရုံတို့သို့ ဓာတ်အားပေးပို့ ဖြန့်ဖြူးပေးနေပါသည်။


ရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်ခြင်းကို မြန်မာ အင်ဂျင်နီယာများနှင့် တရုတ်နိုင်ငံအင်ဂျင်နီယာများ ပူးပေါင်းထိန်းချုပ်မောင်းနှင်လျက်ရှိသလို ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ပြုပြင်ရန်လိုအပ်သည့် အခြေအနေအပေါ်မူတည်၍ ထိန်းသိမ်းပြုပြင်မှုများကို အဆင့်အတန်းများခွဲခြားကာ စိစစ်ပြီး နှစ်စဉ်စစ်ဆေးပြုပြင် ပေးလျက်ရှိပါသည်။


ယခုအခါ ရွှေလီ (၁) ရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံ၏ ထိန်းသိမ်းပြုပြင်မှုအဆင့်အတန်း မြင့်မားမည်ဖြစ်သဖြင့် လျှပ်စစ်မီး (ရွှေလီ) ဓာတ်အားကို သုံးရက်ပိတ်၍ ထိန်းသိမ်းပြုပြင် ဆောင်ရွက်လျက်ရှိပါသည်။


နိုင်ငံအတွက် ဝင်ငွေခွန်များလျော့နည်း

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားဖြင့် ကုန်ထုတ်စွမ်းအားအသုံးပြုသူများ များပြားပြီး မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း ကုန်ထုတ်စွမ်းအား အသုံးပြုသူများစွာ ရှိနိုင်ပါ သည်။ ထိုကုန်ထုတ်စွမ်းအားလုပ်ငန်းများ အသုံးပြုသည့် လျှပ်စစ်ဓာတ်အားခအတွက် မီတာတစ်လုံးလျှင် တစ်ရက်ငွေကျပ် ၁၀၀၀ နှုန်း ကောက်ခံမည် ဆိုပါက နိုင်ငံတော်အတွက် ဝင်ငွေခွန်များစွာရရှိနိုင်သော်လည်း ယခုလို လျှပ်စစ်ဓာတ်အားပြတ်တောက် သည့်အတွက် ကုန်ထုတ်စွမ်းအားများမှ ရရှိနိုင်သည့် နိုင်ငံအတွက် ဝင်ငွေခွန်များ လျော့နည်းသွားမည် ဖြစ်ပါသည်။


သို့ရာတွင် နိုင်ငံအတွက်ဝင်ငွေခွန်များလျော့နည်းသွားသော်လည်း နိုင်ငံခြားငွေဖြင့် ဝယ်ယူတည်ဆောက်ထားသည့် ဓာတ်အားပေးစက်များ ရေရှည်တည်တံ့ ကောင်းမွန်စေရန်အတွက် ဓာတ်အားများ ဖြတ်တောက်၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


အယ်လ်စိုး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)