နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း မှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိ သူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး‌သည်။


ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားစေတီ ပုထိုးများကို ပြုပြင်ထိန်းသိမ်းထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးစဉ် ပုဂံ ညောင်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးနိုင်ရေး၊ ဖြည့် ဆည်းပေးနိုင်ရေး ယခုကဲ့သို့ ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မြို့မိမြို့ဖများအနေဖြင့် မိမိတို့ဒေသအကျိုးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြော ကြားကြရန်လိုကြောင်း။


ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်း၊ပြည်ပ ကမ္ဘာလှည့်ခရီးသွားများ လာရောက် မှုများပြားသည့်မြို့ဖြစ်သဖြင့် ယခုထက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသ စိမ်းလန်းသာယာလှပရေးအတွက် ရေများလုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားကိုပိုမိုဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်စေ ရေးအတွက်လည်း ဖန်တီးဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်းရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြု ပြင် ထိန်းသိမ်းမှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေသို့ လာရောက်ကြသည့် ဘုရားဖူးသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်ရေးနှင့် ပုဂံဒေသ၏ အလှအပများကိုကြည့်ရှုနိုင်ရေးအတွက် လူဦး ရေ အကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညို ခွင့်ပြုပေးနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် သုံးသပ်လျက်ရှိကြောင်း။


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေး


မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား နိုင်ငံဖြစ်သဖြင့် လူတိုင်းနှင့် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ စားသောက်ရန် အစားအစာများနှင့် ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ စနစ်ကျ သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံများကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့် ပညာရပ်များ သင်ကြားနိုင်ရေး တက္ကသိုလ်များကို ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်း အမြစ်များရရှိရေး အတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိစေရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုံဂံဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး နှင့် ပညာတတ်များ ပေါများစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။


မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်းတဝင်ရှိရန်၊  နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များကို ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝ တိုးတက်ရေး အတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေးဘာသာရပ်ကိုလည်း ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အတွက် အခြေခံကောင်းများ ရရှိစေရေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။


မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်သည့် ရေအရင်းအမြစ်များရှိပြီး မြစ်ရေများကို စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများရှိစေရေး တာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း၊          ပုဂံညောင်ဦးဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များ၊ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ် သည်များကို မြို့မိမြို့ဖများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။


ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြ


ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှုနယ်မြေများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပို့ဆောင်ရွက်ပေးစေလိုမှု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ယခုထက်တိုးတက်အောင် ဆောင်ရွက်ပေး စေလိုမှု၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့် ကျန်းမာရေးဝန်ထမ်း များလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားရေးအတွက် လိုအပ်မှုရှိသည့် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင် များတိုးချဲ့ဆောက်လုပ်ပေးစေလိုမှု၊ ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ် နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို အသီးသီးဆွေးနွေးပြောကြားကြပြီး ညောင်ဦးခရိုင်၊ ပခုက္ကူ ခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အသီးသီးတင်ပြကြသည်။


ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြား


တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေး အရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ သည်လည်း အခြားနိုင်ငံများကဲ့သို့ ဆောင်ရွက်ပေးရန်လိုအပ်ချက်များ ရှိနေဆဲဖြစ် ကြောင်း၊ မိမိတို့ဒေသသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာ ပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြား သူများဆောင်ရွက်သည့် အောင်မြင်ပြီးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန် လည်းလိုကြောင်း၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံ ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်း ကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင် ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံ တကာ လေဆိပ် အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံ ညောင်ဦး လေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံမြို့ရေလုံလောက်စွာ ရရှိရေး အတွက် ဧရာဝတီမြစ်မှရေများကို နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းကို ဆောင်ရွက်၍ ရေသန့်စင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပြီး ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း။


ခရိုင်များအလိုက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်း ချက်များ ပြည့်မီရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ထွက်ရှိနေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက်အောင်နှင့် အထွက်နှုန်းများကောင်းမွန်အောင် ဆောင် ရွက်ရန် လိုကြောင်း၊ ဒေသတွင်းဆန်ဖူလုံရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်း၊ သီးထပ်များစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒေသစားရေးကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းစားရေး နှင့် ပတ်သက်၍ ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများကြီးမြင့် မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင် နှင့် ဦးလှမိုး တို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေး တိုင်းဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု များကို တင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဓိကအားဖြင့် ဒေသစီးပွားရေးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME)လုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြကြောင်း၊ (MSME) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများလိုအပ်ပြီး ဒေသတွင်းရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခင်က ဝါစိုက်ပျိုးမှုများကို အဓိကဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဝါစိုက်ပျိုး မှုများ လျော့နည်းခဲ့သဖြင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ဝါစိုက်ပျိုးမှုများကို အားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဝါစိုက်တောင်သူများ ဝါစိုက်ပျိုး မှုများဆောင်ရွက်စေရေး တိုက်တွန်းအားပေးဆောင်ရွက် ကြစေလိုကြောင်း၊ ဝါစိုက်ပျိုး ခြင်းဖြင့် ချည်ထည်လုပ်ငန်းများကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုများဆောင်ရွက်ရာတွင် ချည်ချောများထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါ များ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်၏ဝါလိုအပ်ချက်ကို မန္တလေးတိုင်း ဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှဖြည့်ဆည်းပေးရန်လိုကြောင်း။


နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူ လူထုများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင် ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)