MNP ၊ ဩဂုတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားရာတွင် မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားသွားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ကြသည်။
ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့် သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များ ကိုမှာကြားလိုခြင်းကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။
မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုကြကြောင်း၊ ထို့ကြောင့်တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ စားရေ ရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာ လုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း စားနပ်ရိက္ခာလုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုကွန်ရက်များလည်း ကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက် များကို တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်နေရေးအလေးပေးဆောင်ရွက်ပေးရန်လိုကြောင်း။
တိုင်းပြည်တစ်ခုတိုးတက်ခြင်း၏ အခြေခံမှာ ပညာတတ်များပေါကြွယ်ဝခြင်း ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန် နေရန်လည်း လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်နည်းပါးလျက်ရှိသဖြင့် ပြည်သူ ပြည်သားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရန်လိုသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။
နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရ ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် အနေဖြင့်ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှု များကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစား ပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်သည်ကို ဦးစွာပြောကြားလိုကြောင်း။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထား သည့် ဦးတည်ချက် ၉ ရပ်ကို ရှင်းလင်းပြောကြားလိုကြောင်း -
နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး နှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟုချမှတ်ထားကြောင်း၊
နိုင်ငံရေးဦးတည်ချက် ဒုတိယအချက်ကို “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဟုချမှတ်ထားခြင်းဖြစ်ကြောင်း။
နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး ” ဟူ၍ချမှတ်ထားကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုရာတွင် အဆင့်အဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများ၊ အုပ်ချုပ်ရေးကိုထိန်းသိမ်းပေးသည့် တရားရေးမဏ္ဍိုင် တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင် ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိက ဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးဦးတည်ချက် ပထမအချက်ကို “ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊
စီးပွားရေး ဦးတည်ချက် ဒုတိယအချက်ကို “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊
စီးပွားရေး ဦးတည်ချက် တတိယအချက်ကို “ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ” ဟုချမှတ်ထားကြောင်း၊
လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ် ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များပေါကြွယ်ဝရန်လိုကြောင်း၊ ထို့ကြောင့် လူသားအရင်း အမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာ အထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များအပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံ ပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့် တက် ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် ဘက်စုံပညာ ရေးစနစ်ကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် ဒုတိယအချက်အနေဖြင့် “ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ” ဟူ၍ ချမှတ်ထားပါကြောင်း၊
လူမှုရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရန် အတွက် ကာယဗလ၊ ဉာဏ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း၊
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာတတ်သူ နည်းပါးပြီး ပညာရေးကဏ္ဍ နိမ့်ကျခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း မည်ဆိုပါက နိုင်ငံသားတိုင်းအသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံရန်လိုအပ် ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကိုအခြေခံသည့် အနာဂတ်ကို ဖန်တီး ပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် မိမိတို့ရည်မှန်း ထားသည့် အနိမ့်အဆုံးအဆင့် KG + 9 အဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင် ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ပညာရေးဝန်ထမ်း လိုအပ်ချက်ပြည့်မီရေး၊ ထိုက်သင့် သည့် ရာထူးနေရာများရရှိရေးနှင့်လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက်လည်း ဖန်တီးပေးရန် လိုကြောင်း၊ သို့မှသာပညာရေးကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သမာသမတ်ရှိရှိ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ် ရာတွင် ဆရာ၊ ဆရာမများသည် အဓိကတာဝန်ရှိကြောင်း၊ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်မှအားကိုးအားထားရသည့် အရည်အချင်းပြည့်ဝသော လူငယ်များကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားပါကြောင်း၊ လက်ရှိအခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင်ကွပ်ကဲရသည့်ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထိန်းကြောင်းဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့ မိမိ ကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှု အပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment