မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြား


MNP ၊ သြဂုတ် ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား ၁၈-၈-၂၀၂၃ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ CRI Myanmar သတင်းဌာနမှ တွေ့ဆုံမေးမြန်းရာ မြန်မာနိုင်ငံက Belt & Road Initiative မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

 

တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် သတင်းဌာနမှ မေးမြန်းသည့်အပေါ် ပြည်ထောင်စုဝန်ကြီးက "ကျွန်တော်ပြီးခဲ့တဲ့ မေလတုန်းက ယူနန်ကိုတစ်ခေါက်ရောက်ပါတယ်။ ဒီရောက်ရင်းနဲ့ ကျွန်တော်တယ်ဟုန်ကိုသွားပြီး တယ်ဟုန်ဒေသမှာ ကျွန်တော်တို့နှစ်နိုင်ငံ လုပ်နေတဲ့ နယ်စပ်ကုန်သွယ်မှုကိစ္စတွေကို သွားရောက်ပြီးတော့ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တတ်နိုင်သမျှဖြေရှင်းပေးခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကမူဆယ်နဲ့ရွှေလီမှာ ကျွန်တော်တို့နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အဲဒါကနှစ်နိုင်ငံအစိုးရတွေ သဘောတူညီထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတော့ လုပ်ငန်းတွေက ရှေ့သိပ်ပြီးတော့ ခရီးမရောက်ခဲ့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာ လိုအပ်တဲ့ကော်မတီ၊ ဝန်ကြီးဌာနအသီးသီးက ပုဂ္ဂိုလ်တွေပါတဲ့ကော်မတီတွေ ကျွန်တော်တို့ဖွဲ့စည်းထားပါတယ်။ အဲဒီကို ကျွန်တော်တို့ကော်မတီက တရုတ်နိုင်ငံကဖွဲ့ထားတဲ့ကော်မတီနဲ့ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်မှာပါ။ အဲဒီတော့ ကျွန်တော်တို့က နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်ဆိုတာ တကယ်တမ်းတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ကြီးတစ်ခု ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ အဲဒီဟာက နှစ်နိုင်ငံလုံးအတွက် ကုန်သွယ်မှုအတွက်ရော၊ ရင်းနှီးမြှုပ်နှံမှုအတွက်ရော များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း နှစ်နိုင်ငံနယ်စပ်မှာနေတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အများကြီးကောင်းတဲ့ အစီအမံဖြစ်ပါတယ်။ အဲဒီတော့အနာဂတ် မှာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့ နယ်စပ်ဒေသစီးပွားရေး လွတ်လပ်စွာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဇုန်နဲ့ဆက်စပ်ပြီး အများကြီးတိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ဖြေကြားသွားသည်။


အချို့သော အနောက်နိုင်ငံများက Belt & Road အဆိုပြုချက် နာမည်ရှိခြင်းဖြင့် တရုတ်နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး က "Belt & Road စီမံကိန်းကအင်မတန် ကောင်းမွန်တဲစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Belt & Road နဲ့ ပတ်သက်ပြီး အထူးသဖြင့် တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကို အချို့နိုင်ငံတွေကပုံရိပ်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ Belt & Road အပေါ် မှာ လူတွေ အထင်အမြင်လွဲအောင် လှုံ့ဆော်မှုတွေ လုပ်နေကြတာရှိလာပါတယ်။ သတင်းတွေ၊ မီဒီယာတွေကိအားပြုပြီးတော့ သတင်းတွေအမျိုးစုံထုတ်ခဲ့တယ်။ အထူးသဖြင့် Belt & Road Initiative က တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကြွေးမြီထောင်ချောက်ထဲကို ရောက်အောင် တွန်းပို့နေတယ်ဆိုပြီး မဟုတ်မမှန် သတင်းလွှင့်ပါတယ်။Belt& Road စီမံကိန်းက ဆယ်စုနှစ်၊ လိုအပ်ရင်ရာစုနှစ်ဒီလောက်ထိလုပ်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။ ချက်ချင်းအကျိုးအမြတ်ပေါ်ဖို့မဖြစ်နိုင်ဘူး။ သို့သော်လည်း ချက်ချင်းအကျိုးအမြတ် မပေါ်တာလေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်ပြည်ရဲ့ ထောင်ချောက်ကို တွန်းပို့နေတယ်ဆိုပြီး မမှန်မကန်  ပြောဆိုနေတာကို တွေ့ရတယ်။" ဟု ဖြေကြားသွားခဲ့သည်။


ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအနေနဲ့လည်း Belt & Road စီမံကိန်းနဲ့ ပတ်သက်ပြီးပါဝင်ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရသဘောတူ ထားပြီးဖြစ်ကြောင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Belt & Roadနဲ့ ပတ်သက်ပြီးတော့ အစိုးရကလိုအပ်တဲ့ ကော်မတီဖွဲ့စည်းပြီးတော့ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံက Belt & Road Initiative မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ လတ်တလောမှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလုပ်နေတာရှိကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက အဓိကကတော့ တရုတ်နိုင်ငံ၊ တယ်ဟုန်-မူဆယ်-ရွှေလီ- မန္တလေးအထိ ရထားလမ်းကတော့ လူလည်းစီးလို့ရမယ်၊ ကုန်တင်လို့ရမှာဖြစ်ကြောင်း၊ နောက်တစ်ခါ မန္တလေးကနေပြီးတော့ ကျောက်ဖြူအထိရထားလမ်းတစ်လမ်း၊ မန္တလေးမှရန်ကုန်အထိ ရထားလမ်းတစ်ခု၊ ဒီလိုဟာမျိုး ဒီစီမံကိန်းတွေထဲမှာပါဝင်ကြောင်း၊ အဲဒီစီမံကိန်းနဲ့ ဆက်စပ်ပြီး စင်္ကြံတစ်လျှောက် ပြန်လည်ဖွံ့ဖြိုးမှုစီမံ ကိန်းတွေလည်းပါရှိကြောင်း၊ ဒီစီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးဖြစ်ပါကြောင်း၊ အဲဒါအတွက် ကျောက်ဖြူစီမံကိန်းက မကြာမီစတင် မယ့်အခြေအနေကို ရောက်နေပါကြောင်း၊ စီမံကိန်းကြီးက တစ်ပြိုင်နက်တည်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအတွက်ရော၊ အလုပ်အကိုင်အတွက်ရော အများကြီး အကျိုးအမြတ်ရရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါကြောင်း ပြောကြားသွားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)