ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး




MNP ၊  ဩဂုတ်  ၂၅

လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့်ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မကြာခဏတွေ့ဆုံခဲ့ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာများတွင် လူငယ်စကားဝိုင်းများပြုလုပ်ပေးခြင်းအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့လေ့လာမှတ်သားထားသည်များ ပြန်လည်မျှဝေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာကာ အခွင့်အလမ်းကောင်းများပိုမိုရရှိလာပြီး ပညာရဲရင့် ပွဲလယ်တင့်လာမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၌တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများသည် စာပေ၊ အားကစား အနုပညာဘာသာရပ်များများကို လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို အရည်ချင်းရှိရှိဖြင့် ထမ်းဆောင်မည့်သူများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ(၃၄)ရာခိုင်နှုန်းနီးပါးသည် အသက်(၁၅)မှ(၃၅)နှစ်အတွင်းရှိသည့် လူငယ်များဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့် လိုအပ်ချက်ဖြစ်ပါကြောင်းနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ လူငယ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းကျော်လွှား၍ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူငယ်စကားဝိုင်းများကို တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း”အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် သမိုင်းဌာန၊ ပါမောက္ခဒေါက်တာကျော်မင်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ သတ္တဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား မောင်အာကာမြတ်မင်းဇင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသူ မသင်းသီရိမြတ်သွယ်က လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်ဇင်လင်းထူးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်မိုးယံထက်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော သမိုင်းဌာန၊ ပါမောက္ခနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များအားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများအားလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။


ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်သည့် လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)