ကိုယ်ကျင့်သီလပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ကျင့်သီလပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး


ဒေါက်တာမင်းသန့် (ဒဿန)

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းများက အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။

ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းသည်လည်း ခေါင်းဆောင်မှုသင်တန်းများ၊ အရာရှိငယ်စီမံသင်တန်းများ၊ စာရေးဝန်ထမ်းသင်တန်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းများ၊ ခေတ်မီ မော်တာစက်ချုပ်သင်တန်းများ... စသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ထိုသင်တန်းများတွင် ဝန်ထမ်းကောင်းများ၌ရှိအပ်သည့် ကိုယ်ကျင့်တရားကောင်းမွန်ရေးဘာသာရပ်ကို ထည့်သွင်းသင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။

ဗဟို​လေ့ကျင့်ရေးကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများတွင် စာရေးသူက ကိုယ်ကျင့်တရားဘာသာရပ်ကို ၂၀၀၇ ခုနှစ်မှ ယနေ့အထိ “ကိုယ်ကျင့်တရားနှင့် တာဝန်ဝတ္တရား” ခေါင်းစဉ်ကျမ်းငယ်တစ်စောင် ရေးသားပြုစု၍ တာဝန်ရှိသူ အထက်ဌာနထံ တင်ပြခွင့်ပြုချက်ရယူပြီး သင်ကြားပို့ချလေ့ကျင့်ပေးနေပါသည်။ ကိုယ်ကျင့်တရားဘာသာရပ်သည် ဝန်ထမ်းများအတွက်သာမက လူသားအားလုံးအတွက် လိုက်နာကျင့်ကြံရန် အလွန်အရေးကြီးပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လူသားတိုင်း နေ့စဉ်ကြံစည်၊ ပြောဆို၊ ပြုမူ လုပ်ကိုင်ဆောင်ရွက်ချက်များပင်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျင့်တရားများတွင် မှန်ခြင်းမှားခြင်း၊ ကောင်းခြင်းဆိုးခြင်း၊ မြင့်မြတ်ခြင်းယုတ်နိမ့်ခြင်း စသည့်တန်ဖိုးဖြတ်မှုများ ရှိလာပါသည်။


ကိုယ်ကျင့်တရား၏ အဓိကအချက်များ

လူတစ်ဦးအတွက် မိမိ၏ အပြောအဆို၊ အပြုအမူသည် မိမိကိုလည်းမထိခိုက်၊ သူတစ်ပါးကိုလည်း နစ်နာမှုမရှိ၊ စိတ်ပူပန်စရာလည်းမလို၊ နောင်တရစရာလည်းမဖြစ်လျှင် ထိုအပြောအဆို၊ အပြုအမူသည် မှန်၏။ ကောင်း၏။ မိမိ၏ အပြော အဆို၊ အပြုအမူ၊ လုပ်ကိုင်ဆောင်ရွက်မှုသည် မိမိအတွက် မကောင်း၊ သူတစ်ပါးကိုလည်း ထိခိုက်နစ်နာစေ၏၊ ထို့အတွက် စိတ်ပူပန်မှု ရောက်ရ၏။ ပူဆွေးသောကလည်း ဖြစ်ရ၏၊ ပြောဆိုလုပ်ကိုင်မိသည်မှာ မှားလေခြင်းဟု နောင်တတစ်ဖန်လည်း ပူပန်ရ၏ဟုဆိုလျှင် ထိုအပြောအဆိုပြုမူလုပ်ကိုင်မှုသည် မမှန်၊ မှား၏။ ယုတ်နိမ့်လေသည်။ ဤကား ကိုယ်ကျင့်တရား၏ အဓိကအချက်များပင် ဖြစ်ပါသည်။


ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းလျှင် လူ့တန်ဖိုးမြင့်မားလာပြီး နိုင်ငံတာဝန်ထမ်းဆောင်ကြရသည့် ဝန်ထမ်းများအတွက်မူကား တာဝန်သိ၊ တာဝန်ယူတတ်သည့် ဝန်ထမ်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိသည့် ဝန်ထမ်း၊ အမျိုးဘာသာသာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်တတ်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာပေလိမ့်မည်။


ကိုယ်ကျင့်တရား ကောင်းမွန်စေရေး

ကိုယ်ကျင့်တရားပျက်ယွင်းလျှင်မူကား မိမိ၏ ပစ္စုပ္ပန်ဘဝ၊ တမလွန်ဘဝ ဆင်းရဲဒုက္ခကြုံရမည့်အပြင် မိမိမိသားစု၊ မိမိတာဝန်ယူရာအဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေတတ်ပါသည်။ ထို့ကြောင့် ဝန်ထမ်းတိုင်း၊ လူသားတိုင်း မိမိဘဝတိုးတက်မြင့်မားစေသည့် ကိုယ်ကျင့်တရားများ မှန်ကန်ကောင်းမွန်စေရေး အလေးထားဖြည့်ဆည်း ကျင့်ကြံသွားကြရမည်ဖြစ်ပါသည်။


မြန်မာမှုနယ်ပယ်တွင် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ကိုယ်ကျင့်သီလဟု ယှဉ်တွဲသုံးနှုန်းပါသည်။ ဤသို့ဆိုရခြင်းမှာ သီလစောင့်ထိန်းခြင်း၊ သီလကောင်းခြင်း၊ သီလလုံခြုံခြင်းသည် ကိုယ်ကျင့်တရားများပင် ဖြစ်လေရာ သီလကောင်းခြင်းသည် ကိုယ်ကျင့်တရားကောင်းခြင်းပင်ဖြစ်သည်။ သီလဆိုသည်မှာ မကောင်းမှုများမပြုမိအောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သူတစ်ပါးမထိခိုက်၊ မနစ်နာ၊ မပျက်စီးအောင် ရှောင်ကြဉ်ခြင်းပင်ဖြစ်ရာ ကိုယ်ချင်းစာမှု၊ သနားကြင်နာမှု၊ မေတ္တာထားမှုများအပြင် ဘုရားရှင်ညွှန်ကြားထားသည့် “အတ္တသမ္မာပဏိဓိ” မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်၍ ကိုယ်ကျင့်တရား ပြည့်စုံသောသူဖြစ်ပေမည်။


ဝန်ထမ်းများသည်လည်း နိုင်ငံသူနိုင်ငံသားများ ပင်ဖြစ်ကြရာ နိုင်ငံသားအားလုံး ကိုယ်ကျင့်တရား ကောင်းအောင် ဖြည့်ကျင့်ရမည်ဖြစ်ပါသည်။ ကိုယ်ကျင့်သီလပျက်စီးယိုယွင်းသောသူသည် မိမိကိုယ်ကို ဖျက်ဆီးရုံသာမက လူ့ဘောင်အဖွဲ့ အစည်းကိုပါ ဖျက်ဆီးလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ကိုယ်ကျင့်သီလပျက်စီး ယိုယွင်းသောသူသည် အပြစ်မဲ့သောသူကိုလည်းသတ်၏။ ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖျက်ဆီး၏၊ သာသနာ့ဝန်ထမ်းများနှင့် သာသနိကအဆောက် အဦပစ္စည်းများကိုလည်း စော်ကားရဲ၏။ မှန်သည် မှားသည်ကိုလည်း မသိ၊ ကောင်းသည်ဆိုးသည်ကိုလည်း နားမလည်၊ မိုက်တွင်းနက်လေတော့သည်။


ကိုယ်ကျင့်သီလလုံခြုံအောင် စောင့်ထိန်းလိုက်နာလျှင်


ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူအားလုံး ကိုယ်ကျင့်သီလလုံခြုံအောင် စောင့်ထိန်း လိုက်နာလျှင် သစ္စာစောင့်သိခြင်းကို တန်ဖိုးထားတတ်လာကြမည်ဟုဆိုရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့်အရာများအား သစ္စာစောင့်သိတန်ဖိုးထားရမည်နည်းဟုဆိုလျှင် . . .

(က) အမျိုး၊ ဘာသာ၊ သာသနာအပေါ် သစ္စာစောင့်သိရပေမည်။

( ခ ) နိုင်ငံတော်အပေါ် သစ္စာစောင့်သိရပေမည်။

( ဂ ) မိမိတာဝန်ထမ်းဆောင်သောဌာန(သို့)အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိရပေမည်။

(ဃ)     ဆရာနှင့်တပည့်၊ လင်နှင့်မယား တစ်ဦး အပေါ်တစ်ဦး သစ္စာစောင့်သိရပေမည်။


အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက် (၁၂)ရပ်အနက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုသည့် နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင်၊ ပြည်သူပြည်သားအားလုံး၊ လူသားများအားလုံး ကိုယ်ကျင့်သီလများကို သိရှိလိုက်နာ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား၊ အမျိုးဘာသာသာသနာအကျိုးစီးပွား တိုးတက်ကောင်းမွန်ကာ တည်ငြိမ်အေးချမ်းသာယာသော အကျိုးရလဒ်များဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)