ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ(၄) စာအုပ်ထုတ်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ(၄) စာအုပ်ထုတ်ဝေ



MNP ၊ သြဂုတ် ၂၉

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၅)ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဩဂုတ် ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နမ့်ယဉ်ယဉ်နွယ်က “ထိုင်းဘုရင့်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်နှင့် ရုံးအုပ်ဒေါ်ဂျူနိုကိုလေးတို့က “ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားလွှတ်တော်ချုပ်၏ စာချွန်တော်လျှောက်ထားမှု အမှတ်-၁၃၆၀၄/၂၀၁၈ အား လေ့လာတင်ပြခြင်း” စာတမ်းတို့ကို ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးရှိ ဝန်ထမ်းများသည် အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိရောက်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံများက ကျင့်သုံးသည့် အမျိုးမျိုးသောဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ရန် ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥပဒေများ၊ AACC အဖွဲ့ဝင်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများက ဆုံးဖြတ်ခဲ့သည့် ထင်ရှားထူးခြားသည့် အမှုများအကြောင်းကို သုတေသနပြုလေ့လာလျက်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ သုတေသနပြုလေ့လာတွေ့ရှိချက်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဂျာနယ်များ၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအဘိဓာန်များ၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဝေါဟာရအဘိဓာန်စသည်ဖြင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေလျက်ရှိသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ စာအုပ်အတွဲ(၁)တွင် နိုင်ငံပေါင်း ၉ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကိုလည်းကောင်း၊ အတွဲ(၂)တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံ၊ အတွဲ(၃)တွင် နိုင်ငံပေါင်း ၉ နိုင်ငံတို့ဖြင့် စုစုပေါင်း နိုင်ငံ ၂၉ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများ အတွဲ(၄)စာအုပ်ကို ထပ်မံထုတ်ဝေခဲ့ပြီး စာအုပ်တွင် မြန်မာနိုင်ငံအပါအဝင် ဆူဒန်သမ္မတနိုင်ငံ၊ ကင်မရွန်းသမ္မတနိုင်ငံ၊ မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ၊ ဇင်ဘာဘွေသမ္မတနိုင်ငံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၊ လစ်သူယေးနီးယား သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားသမ္မတနိုင်ငံစသည်ဖြင့် နိုင်ငံ ၁၀ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကိုဖော်ပြထားရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးစနစ်များနှင့် သက်ဆိုင်သည့် အသိပညာဗဟုသုတများ ရရှိနိုင်သဖြင့် လေ့လာဖတ်ရှုသူများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ပြုစုထုတ်ဝေသော အဆိုပါစာအုပ်ကို ဝယ်ယူလိုပါက စာအုပ်တန်ဖိုး ငွေကျပ် ၆၅၀ဝ ဖြင့် လုပ်ထုံးနှင့်သုတေသနဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃၀၂၄၃၊ ၀၆၇-၃၄၃၀၂၆၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)