နစကအစိုးရထံ မေတ္တာရပ်ခံစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစကအစိုးရထံ မေတ္တာရပ်ခံစာ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အစိုးရသက်တမ်း ၂နှစ်ခွဲ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းပြီး တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 

တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရသက်တမ်းတလျှောက်မှာ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ဦးဆောင်သူတွေဟာ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF နဲ့အတူ အချို့သော အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ KNU, KIA အပါအဝင် EAO တချို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နေ့စဉ်သေဆုံးရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၅ဦး/ ၆ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအချက်အလက်တွေကလည်း စာရေးသူက ဖန်တီးပြီး တင်ပြနေခြင်း မဟုတ်ပါဘူး။ 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာလည်း NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးခဲ့ရတဲ့ အခြေအနေကို ချပြပြောဆိုခဲ့ပြီး ဖြစ်သလို ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးများကို သက်ဆိုင်ရာ နိုင်ငံမပါဘဲ ကျင်းပခဲ့ပြီး ယင်းမှာကောင်စီ၏မူဝါဒများနှင့် ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိကြောင်း တုန့်ပြန်ချက်မှာလည်း ဖော်ပြပါရှိပါတယ်။ 

လူ့အခွင့်အရေးကောင်စီ ၏ (၅၃)ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တစ်ဖက်သတ် ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ထားရာမှာ "မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် မြန်မာနိုင်ငံကို အထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ အစိုးရကိုသိက္ခာချရန်ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက် စာတမ်းများနှင့်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဉရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အထူးအစီရင်ခံစာတင်သွင်းသူအတွက် ဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် အပြစ်မဲ့ပြည်သူ ၆၀၉၁ ဦးကို သေဆုံးစေခဲ့သော NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လူမဆန်သောပြစ်မှုများကို ဖုံးကွယ်ထားသည်။" လို့ ဖော်ပြခဲ့ပါတယ်။

၃၁-၇-၂၀၂၃ ရက်နေ့က ကျင်းပခဲ့တဲ့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်ကို “ပြည်သူတို့၏ လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟုချမှတ်ထားပါကြောင်း၊ လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်စစ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်း ပြီး တရားဥပဒေစိုးမိုးမှုရရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် ကထက် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသည်ဆိုသော်လည်း NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်မှု အားပေး ပြည်ပဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေဆဲပင်ဖြစ် ပါကြောင်း၊ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ  ရဟန်းသံဃာနှင့် သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှု ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၁ လုံး၊ လူနေအဆောက်အဦ ၇၆ လုံး၊ လမ်း တံတားနှင့် တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး တာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း" ရှင်းလင်းပြောကြားသွားသည့်အပြင် အကြမ်းဖက်အဖွဲ့များက ပညာရေးကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများနဲ့ ပတ်သက်လို့ ၂၁-၇-၂၀၂၃ ရက်နေ့ က ရှင်းလင်းပြောကြားရာမှာ အချို့သော ပြည်ပြေး ဝရမ်းပြေးတွေ လုပ်ကြံဖန်တီးပြောဆိုနေသလို တပ်မတော်အနေနဲ့ တိုင်းပြည်အာဏာကို လွှဲပြောင်းတာဝန်ယူဖို့ ကြိုတင်စီစဉ်ခဲ့ခြင်းမျိုး မရှိဘဲ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် တပ်မတော်တစ်ရပ်လုံး ဆောင်ရွက်နေတဲ့ ကာလဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ NLD အစိုးရက ဖြေရှင်းခြင်းမရှိဘဲ လွှတ်တော်ခေါ် အစိုးရဖွဲ့ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ တပ်မတော်အနေနဲ့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးဖို့ အရေးဆိုခဲ့ကြသူတွေထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်တချို့လည်း ပါဝင်ပါတယ်။ မဲလိမ်မဲခိုးမှုတွေကို လက်မခံနိုင်တဲ့ ပြည်သူတွေလည်း ပါဝင်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း မီဒီယာကဏ္ဍကနေ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုခဲ့ကြခြင်းဟာလည်း NLD ပါတီက ဥပဒေမဲ့ လုပ်ရပ်တွေ အလွန်အကျူးလုပ်ဆောင်လာခြင်းကြောင့် တာဝန်ယူဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းဟာ တပ်မတော်ဖြစ်နေခြင်းကြောင့် တပ်မတော်ကို ယုံကြည်စွာ အားကိုးခဲ့ကြခြင်း ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ နောက်ဆုံးအခြေအနေကို ရောက်ရှိလာချိန် ၂၀၂၁ခုနှစ် ဇန်နဝါရီလကုန် ဖေဖော်ဝါရီ ၁ ရက်နေ့ကို ရောက်မှသာ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂နှစ်ခွဲတာ အချိန်ကာလကို ပြန်လည်သုံးသပ်မယ်ဆိုရင် တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့ တိုင်းပြည်မှာ မင်္ဂလာဖြစ်စေမယ့် အလုပ်တွေကို လုပ်ခဲ့ပါတယ်။ အထူးအားဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကြီး ပြီးမြောက်သည်အထိ မင်္ဂလာဖြစ်ခဲ့ပါပြီ။

တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို ရိုက်ချိုးဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေ ကြားက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပြီး မျိုးဆက်သစ် လူငယ်များအတွက် မနစ်နာရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

စာရေးသူသည်လည်း သာမာန်ပြည်သူတစ်ယောက်ပါပဲ။ စာရေးသူကဲ့သို့ သာမာန်ပြည်သူများရဲ့ ရှုထောင့်ကနေ လက်ရှိနိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေကြတဲ့ နိုင်ငံခေါင်းဆောင်များကို တင်ပြလိုတာက တိုင်းရေးပြည်ရာ ဆိုတာ တစ်ခုတည်းကို ဇောင်းပေးလုပ်ဆောင်လို့ မရဘူးဆိုတာ နိုင်ငံတော်အကြီးအကဲများက ပြည်သူများထက် ပိုပြီး ကျွမ်းကျင်နှံ့စပ်ပါတယ်။ တစ်ဖက်မှာ မင်္ဂလာရှိတဲ့ လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်သလို တစ်ဖက်မှာ အကြမ်းဖက်ဝါဒီတွေကိုလည်း တာဝန်ယူနှိမ်နင်းတဲ့သူ ရှိနေရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာဖိအားပေးမှုတွေကို အချိန်နဲ့တပြေးညီ တုန့်ပြန်ကာကွယ်တဲ့ တာဝန်ကိုလည်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသက်တမ်းမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနောက်ကို လိုက်ပါပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တဲ့ သူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေ၊ CDM လုပ်သွားကြသူတွေ အပေါ်မှာလည်း များစွာ စာနာထောက်ထားခဲ့ပါတယ်။ အစိုးရကောင်းတစ်ရပ်ရဲ့ သဘောထားကြီးမှုကို မြင်တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ စိုက်ကျန်နေတဲ့ ဆူးတွေကို ပြောရရင်တော့ တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ မင်္ဂလာရှိမယ့် အလုပ်တွေ လုပ်ခဲ့သလို၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ခဲ့သူတွေအပေါ် ညှာတာထောက်ထားခဲ့သလို ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး NUG, PDF ရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကာကွယ်ပေးမှု အပိုင်းမှာတော့ တာဝန်မကျေဘူးလို့ မဆိုချင်ပါဘူး။ ပျက်ကွက်ခဲ့တာတွေ ရှိတယ်လို့ပဲ ဆိုချင်ပါတယ်။

နိုင်ငံတော်အကြီးအကဲများက တိုင်းပြည်အတွက် မင်္ဂလာရှိမယ့် အလုပ်တွေ လုပ်ဆောင်နေချိန်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့နယ်များမှာ တာဝန်ယူဆောင်ရွက်ကြတဲ့ မစဖအဖွဲ့ဝင်များဟာ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေနဲ့ နီးကပ်မှုမရှိဘဲ အကြမ်းဖက်အားပေး လုပ်ခဲ့ကြတယ်။ အကြမ်းဖက်သမားတွေရဲ့ ဘက်တော်သားအဖြစ် ရပ်တည်ခဲ့ကြတယ်။ အကြမ်းဖက်သမားတွေထံက လာဘ်လာဘတွေ ရယူပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို အတိဒုက္ခရောက်အောင် ဖန်တီးခဲ့ကြတယ်။ ဒီလို လုပ်ဆောင်မှုတွေကို ထိန်းကျောင်းမယ့်သူ မရှိဖြစ်ခဲ့ရတယ်။ 

အဆိုးဆုံး သာဓကတစ်ခုကို ပြောပါဆိုရင် စာရေးသူ သတင်းစာ ရှင်းလင်းပွဲမှာ တင်ပြခဲ့ဖူးတဲ့ တပ်မတော်အငြိမ်းစာ တစ်ဦးကို ရဲတပ်ဖွဲ့က အမှုဆင်ပြီး ဖမ်းဆီးတယ်။ ပြီးတဲ့အခါမှာ ဖုန်းကို သိမ်းပြီး ရဲအရာရှိကိုယ်တိုင်ကပဲ CDM လှုံ့ဆော်တဲ့ စာကို ရေးတယ်။ တပ်မတော်အငြိမ်းစားကို CDM လှုံ့ဆော်မှုနဲ့ အားရပါးရ ညှဉ်းပမ်းနှိပ်စက်ပြီး ၅၀၅-က တပ်ပြီးတော့ ထောင်ထဲထည့်တယ်။ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရတဲ့ တပ်မတော်အငြိမ်းစားအတွက် တင်ပြမှုတွေ လုပ်ဆောင်နိုင်ခဲ့လို့သာ ပြန်လည်လွတ်မြောက်လာခဲ့ရတာ ဖြစ်ပါတယ်။ ယခုထိတိုင်အောင် ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်မှုကြောင့် အဲဒီ တပ်မတော်အငြိမ်းစားမှာ ဒုက္ခိတဖြစ်ခဲ့ရပါပြီ။ အဲဒီလို လုပ်ခဲ့တဲ့ ရဲအရာရှိ က ရာထူးတိုးပြီး ယခင်ကထက် ပိုပြီး လုပ်ပိုင်ခွင့်တွေ ရသွားတယ်ဆိုတော့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်း ညှဉ်းပမ်းနှိပ်စက် စော်ကားခြင်း ခံခဲ့ရတဲ့ တပ်မတော်အငြိမ်းစား တစ်ဦးရဲ့ ရင်ထဲမှာ ကျန်ရှိနေတဲ့ ဆူးကို မြင်ယောင်ကြည့်ပေါ့။ 

ထို့အတူပဲ NUG, PDF အကြမ်းဖက်အဖွဲ့များက သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတယ်။ သံဃာတော်တွေရဲ့ မိသားစုဝင်များသာမက ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို စာနာနားလည်ပေးဖို့ပါ။ ထို့အတူပဲ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံပြီး ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး PDF အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ ရင်ထဲက ဆူးတွေကို နှုတ်ပေးဖို့ လိုတာပေါ့။ ထို့အတူ NUG, PDF အကြမ်းဖက်သမားတွေက ဆရာ/ဆရာမတွေ ကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေမှာ မိသားစုဝင်တွေနဲ့ တပည့်တွေ ရင်ထဲမှာ ကျန်ရှိနေတဲ့ ဆူးတွေကိုတော့ နှုတ်ပေးဖို့ လိုလိမ့်မယ်ထင်ပါတယ်။

နစကအစိုးရအဖွဲ့ကို ဦးဆောင်သူများအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် မင်္ဂလာဖြစ်စေမယ့် အလုပ်တွေ အများကြီး လုပ်ဆောင်ခဲ့တယ်လို့ မြင်ပါတယ်။ အဂတိလိုက်စားမှု၊ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ အစိုးရကို ဖြုတ်ချပြီး တာဝန်ယူဆောင်ရွက်နေရတဲ့ ကာလမှာ ယိုယွင်းနေတဲ့ ယန္တရားကို ထိန်းကျောင်းပဲ့ပြင်မှု အားနည်းခဲ့ခြင်းကြောင့် ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ရတယ်။

အော် - နစကအစိုးရသည် မဲလိမ်မဲခိုးမှုတွေ၊ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့တဲ့ အစိုးရကို ဖြုတ်ချပြီး တာဝန်ယူဆောင်ရွက်ရတဲ့ ကာလဖြစ်လို့ ယန္တရားအတွင်းမှာ မြို့နယ်၊ ခရိုင်အသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူများဟာ နစကရဲ့ ဖြစ်တည်မှုအပေါ်မှာ သုံးသပ်နားလည်ပြီး အစဉ်အဆက် ဥပဒေလက်တစ်လုံးခြား ဖောက်ပြန်ရေးသမား လုပ်ခဲ့တာတွေ ဆင်ခြင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ပါတယ်။ သို့ပေသော် ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ ဒီယန္တရားကြီးအတွင်းမှာ အကြမ်းဖက်အားပေး၊ ဥပဒေလက်တစ်လုံးခြားလုပ်သူတွေဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး စီးပွားရှာကြတာပါပဲလား။

တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်နေချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက တပ်မတော်ကို တော်လှန်နေသယောင် အသံကောင်းဟစ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုသာ ပစ်မှတ်ထား သတ်ဖြတ်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြခြင်းဖြစ်တယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲများလည်း သိရှိပြီး ဖြစ်ပါတယ်။

ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်း အကာအကွယ်မဲ့ NUG, PDF, KNU, KIA အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေဆုံးမှု များလာလေ အစိုးရအပေါ်မှာ ဒေါသဖြစ်လာလေပါပဲ။ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ အဲဒီလို ခံစားချက်မျိုး ဖြစ်ပေါ်လာတာကို နစကအစိုးရတာဝန်ရှိသူများအနေနဲ့လည်း အပြစ်မမြင်ပါနဲ့။ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေအတွက် ခံလိုက်ရတဲ့ ပြည်သူတွေ လိုလားတာက အကြမ်းဖက်သမားတွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်ဖမ်းဆီး အရေးယူ ပေးရုံမျှနဲ့ ကျေနပ်ကြပါတယ်။ နစကအစိုးရရဲ့ ယန္တရားမှာက အဲဒီလို အရေးတယူဆောင်ရွက်ပေးမှုမျိုး မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

နစကအစိုးရအနေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနောက်ကို နားယောင်ပြီး ဆူပူအကြမ်းဖက်လုပ်ခဲ့ကြတဲ့ ပြည်သူတွေအပေါ်မှာ စာနာထောက်ထားမှုအပြည့်နဲ့ များစွာသော အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူပဲ တဖန်ပြန်လည် ဆင်ခြင်သုံးသပ်ပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်းက NUG, PDF အကြမ်းဖက်သမားတွေ ရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေ၊ နစကအစိုးရရဲ့ ယန္တရားအတွင်းက ဖောက်ပြန်ရေးသမားတွေရဲ့ ဥပဒေလက်တစ်လုံးခြား အတိဒုက္ခရောက်အောင် ဖန်တီးလုပ်ဆောင်ခြင်းခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဆူးတွေကိုလည်း နှုတ်ပေးပါအုံးလို့ မေတ္တာရပ်ခံပါရစေ။  ။

       

နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)