သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်





MNP ၊ ဩဂုတ် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ စတုတ္ထပတ်မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း သုံးသောင်းကျော်ခန့် ရေနစ်မြုပ်မှု ဖြစ်ပွားနေကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်နှင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စပ်ခြား ဒုံသမိမြစ်ရေတို့ မြင့်တက်လာရာ ဘီးလင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောကြီး စသည့် ကျေးရွာအုပ်စုများနှင့် ဒုံသမိမြစ်အနီး အောင်းစိုင်၊ ဝင်းစိန်၊ ကျောက်တန်း ကျေးရွာအုပ်စုများအပါအဝင် ဆက်စပ်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ဧကများ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ရေကြီးနစ်မြုပ်ခဲ့ရကြောင်း သိရသည်။

တောင်သူအများစုအနေဖြင့် ယခုနှစ် မိုးစပါးများ စတင်စိုက်ပျိုးထားသည်မှာ တစ်လခန့်သာရှိနေသေးပြီး ယခုမှ စတင်စိုက်ပျိုးသူများလည်းရှိကြောင်း၊ ရက်အတော်ကြာ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များ သေကျေပျက်စီး ထိခိုက်နိုင်၍ တောင်သူများ စိုးရိမ်နေကြောင်း၊ ရက်သတ္တတစ်ပတ်ကျော်ကြာ ရေကြီးနစ်မြုပ်ဆဲဖြစ်သည့် အနိမ့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များ သေကျေပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပြီး အချို့ အမြင့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များလည်း အထိုက်အလျောက် ပျက်စီးထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း ဒုံဝန်းကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း ၁၃ဝဝဝဝ ကျော်ခန့် စိုက်ပျိုးရန်လျာထားပြီး ဇူလိုင် ၃၁ ရက်မှစတင်ကာ အနိမ့်ပိုင်း လယ်ကွင်းအချို့မှ စပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့သည်။ ဩဂုတ် ၈ ရက်အထိ ၄၁၀၂၅ ဧက နစ်မြုပ်ခဲ့ပြီး ဧကပေါင်း ၉၂၀၀ ပြန်လည်ပေါ်လာခဲ့ရာ ၃၁၈၂၅ ဧကမှာ နစ်မြုပ်နေဆဲဖြစ်သည်။ ရေကြီးနစ်မြုပ်ပြီး ပျက်စီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ရေပြန်လည်ကျဆင်းသွားပါက သေကျေပျက်စီးခဲ့သည့် နေရာများ၌ နောက်ထပ် မိုးစပါးများအား အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)