မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ











MNP ၊ ဩဂုတ် ၁၄

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန မြန်မာ့ ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ဆေးဝါးပညာရှင်ကြီးများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က BPI Pharmaceutical Museum အထိမ်းအမှတ်ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ထို့နောက် ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း ဦးနု စိုက်ထူခဲ့သည့် မြန်မာနိုင်ငံဆေးဝါး လုပ်ငန်း အထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရှုလေ့လာကြသည်။


ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က “BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း”  BPI Pharmaceutical Museum ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Feature Wall၊ Museum Directory Map ၊ မှတ်တမ်းဓာတ်ပုံ များနှင့် ပန်းချီကားများကို ကြည့်ရှုကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Museum ရှင်းလင်းဆောင်သို့ ရောက်ရှိကြပြီး စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိ စစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာအဆောက်အဦးများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ မြွေဆိပ်ဖြေဆေးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ ဆေးဝါးများထုတ်လုပ် ရာတွင် အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုထုတ်လုပ်လျက်ရှိမှု၊ ပြည်ပမှ ဆေးဝါးများ တင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်း၌ ဆေးဝါးများထုတ် လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ ဆေးဝါးများ ဆေးနှုန်းသက်သာစွာဖြင့် ပြည်သူ များ ဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးဝါးအမယ်သစ်များ ထပ်မံ တိုးမြှင့်ထုတ်လုပ်လျက်ရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် စနစ်တကျဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများထုတ်လုပ်လျက်ရှိမှု၊ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း (BPI Pharmaceutical Museum) ၏ ရည်ရွယ်ချက် များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာ့ဆေးဝါး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ခိုင် က BPI ဆေးဝါးထုတ် လုပ်မှုသမိုင်းပြခန်းတည်ဆောက်ခဲ့မှု၊ မြွေဆိပ်ဖြေဆေးအေးခဲခြောက်စက် တပ်ဆင် ဆောင်ရွက်ခဲ့မှုနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားရာတွင် ယနေ့ သည် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)အတွက် သမိုင်းမော်ကွန်း ထိုးနိုင်ခဲ့သည့်ရက်ဖြစ်ပါကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ မှတ်တမ်းထားရှိမှုသည် အရေးကြီးကြောင်း၊  မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက် ထားခြင်းဖြင့် မိမိတို့ လုပ်ငန်းအတွက်သာမက နိုင်ငံတော်အတွက်လည်း များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ၎င်းမှတ်တမ်းများမှတဆင့် သမိုင်းကို သိနိုင် သကဲ့သို့ အနာဂတ်အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရေး အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ဆေးဝါး စက်ရုံတစ်ခု အနေဖြင့် မှတ်တမ်းပြတိုက်ကို ဆောင်ရွက်၍ သမိုင်းကိုထိန်းသိမ်းနိုင် ခဲ့ခြင်းကြောင့် ဂုဏ်ယူပါကြောင်း။


သမိုင်းများကို ဖော်ထုတ်လုပ်၍ လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စက်ပစ္စည်းများမှာ ခေတ်ကာလအရ ကြာမြင့် သွားပြီဖြစ်သော်လည်း အချို့မှာယနေ့အချိန်အထိ အသုံးပြုနိုင်သေးသည်များ ရှိသည် ကိုတွေ့ရကြောင်း၊ ထို့ကြောင့် စက်ပစ္စည်းဟောင်းများကို နမူနာယူ၍ ထုတ်လုပ်မှု ပိုင်းတွင် အထောက်အကူပြုနိုင်သည့် စက်ပစ္စည်းများကို ပြည်တွင်းမှ နည်းပညာရှင် များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သည့် ဆေးဝါးများ၏ အရည်အသွေးမှာ ခိုင်မာကောင်းမွန်ပြီး ဖြစ်ကြောင်း၊ အဆိုပါ ရှိပြီးဖြစ်သည့် ခိုင်မာကောင်းမွန်မှုများအပေါ် အခြေခံ၍ ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ကြရန်လို ကြောင်း။


ဆေးကုသမှုနှင့်ပတ်သက်၍ နှစ်စဉ်သုတေသနလုပ်ငန်းများနှင့် ညီလာခံများ ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးကုသမှုများအပေါ်မူတည်၍ ဆေးဝါးများ၏ အရည်အသွေးများမှာလည်း ပြောင်းလဲလာကြောင်း၊ ဆေးဝါးများ၏အရည်အသွေး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက အာနိသင်တန်ဖိုးများမှာလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးတွင် ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း ဟူ၍ သုံးပိုင်းရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၏ ကဏ္ဍမှာ ကာကွယ်ခြင်းနှင့် ကုသခြင်းပိုင်းတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းမှာ အခြား နိုင်ငံများထက်နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းများကိုဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အစွမ်းထက်သည့် ဆေးဝါးများကို အသုံးပြုနိုင် ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစွမ်းထက် သည့်ဆေးဝါးများထုတ်လုပ် နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ တွင် ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရ ကြောင်း၊ ပြည်တွင်း၌ ဆေးဝါးများ လုံလောက်စွာထုတ် လုပ်နိုင်ရေးအတွက် ပြည်ပမှ ဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများအသုံးပြုသည့် ဆေးဝါးများကို ပြည်တွင်း လုံလောက်မှုရှိအောင်ဆောင်ရွက် ရန်လိုကြောင်း၊ တပ်မတော်ဆေးဝါးစက်ရုံများ မှလည်း နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း၊ အလားတူ ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း။


နိုင်ငံတော်ပိုင်စက်မှုလုပ်ငန်းများသည် ပြည်သူများ၏ သက်သာချောင်ချိရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး ပြည်သူများအတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်း များ၏ အရည်အသွေးများ ကောင်းမွန်နေရန်နှင့် ထုတ်ပိုးမှုများလည်း ကောင်းမွန် ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးများသည် လူ့အသက်အတွက် တန်ဖိုးဖြတ်မရသည့် အရာများဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးများကို ထုတ်လုပ်နေခြင်းဖြစ် သည့် အတွက် နိုင်ငံအတွက်များစွာအထောက်အကူပြုသည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည့်ဆေးဝါးပညာရှင်များ၊ လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသည့်ဝန်ထမ်းများနှင့် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအားလုံးကို မိမိအနေဖြင့် အသိအမှတ် ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့်ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းအတွင်း စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်ထံသို့ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက BPI ဆေးဝါးထုတ်လုပ်မှု သမိုင်း ပြခန်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေး အပ်သည်။     


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ တာဝန်ရှိသူများသည် အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် မြေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနသို့ ရောက်ရှိကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက မြွေဆိပ်ဖြေဆေးထုတ်လုပ်နေမှုများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်နှင့် ပတ်သက်၍ စက်၏စွမ်းဆောင်ရည်များ၊ အသုံးပြုပုံများနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထုတ်လုပ်မှုနည်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ကို  ခလုပ်နှိပ်၍ စတင်လည်ပတ်စေသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင် ဆဲနှင့် အငြိမ်းစား ဆေးဝါးပညာရှင်ကြီးများနှင့်အတူ ဝန်ထမ်း စုပေါင်းစားရိပ်သာ၌ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာ့ဆေးဝါး လုပ်ငန်း BPI သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင် အရည်အသွေးပြည့်ဝ သည့် ဆေးဝါးများကို ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ နာမည်ကောင်းဖြင့် ကျော်ကြားလျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှ ထုတ်လုပ်သည့် မြွေဆိပ် ဖြေဆေးအပါအဝင် အခြားသောဆေးဝါးမျိုးစုံတို့သည် လူတို့၏ အသက်အန္တရာယ်ဖြစ် စေနိုင်သည့် ရောဂါဘယများမှ ကာကွယ်ခြင်းနှင့် ကုသခြင်းတို့ကို စွမ်းဆောင်ပေး နိုင်ပြီး လူသားတို့အတွက် များစွာ အကျိုးဖြစ်ထွန်းစေသဖြင့် မွန်မြတ်သည့် အလုပ် တစ်ခုလည်းဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါး လုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့် အရည်အသွေးကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ ကြောင့်ပင်ဖြစ်သဖြင့် မိမိအနေဖြင့် များစွာ ချီးကျူးအသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်း ယခုထက်ပို၍ နိုင်ငံ့အကျိုး၊ ပြည်သူလူထုတို့၏ အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင် ဆဲနှင့် အငြိမ်းစား ဆေးဝါးပညာရှင်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါး စက်ရုံ(Burma Pharmaceutical Industry,BPI) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး(၄၁)မျိုးနှင့် ကပ်ရောက်ဂါကာကွယ်ဆေး(၆)မျိုးတို့ဖြင့် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ ဆေးဝါးလုပ်ငန်း BPI အနေဖြင့် အရည်အသွေးအာနိသင် ထက်မြက်သည့် ဆေးဝါး များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ခေတ်အဆက်ဆက်ထုတ်လုပ်ရောင်းချခဲ့ကာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးထုတ်လုပ်မှုအခန်း ကဏ္ဍ ကို ဦးဆောင်လျက်ရှိကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှ လူ့စွမ်းအား အရင်းအမြစ် ကို အခြေပြု၍ ဆေးဝါးစက်ရုံ(အင်းစိန်)၊ သုတေသနဌာန၊ ဆေးဝါးစက်ရုံ(ရွာသာကြီး)၊ ဆေးဝါးစက်ရုံ(အင်ရောင်း)၊ မြေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)၊ မြင်း မွေး မြူရေးစခန်း(မြစ်ခြေ)၊ ဆေးဝါးစက်ရုံ(ပြင်ဦးလွင်)၊ တပ်မတော်ဆေးဝါးစက်ရုံ(မှော်ဘီ)၊ မြင်းမွေးမြူရေးစခန်း(ရန်ပယ်)၊မြင်းမွေးမြူရေးစခန်း(ဟဲဟိုး)၊ ဆေးဝါးစက်ရုံ(စစ်ကိုင်း) နှင့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) တို့ကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်အရ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းကို မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စက်ရုံအနေ ဖြင့် နှစ်ပေါင်း (၆၀) ကျော် ခေတ်အဆက်ဆက် ဆေးဝါးထုတ်လုပ်မှုအတွေ့အကြုံများ၊ စက်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ မှီငြမ်းအသုံးပြုသော ဆေးကျမ်းကြီးများ၊ လူ့စွမ်းအားအရင်းအမြစ် အခြေပြု ဖွံ့ဖြိုးတိုးတက်လာမှုများ၊ တန်ဖိုးရှိသော သမိုင်း ဖြစ်ရပ်များအား ထိန်းသိမ်းရန်နှင့် နောင်လာနောက်သားများ သိရှိလေ့လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)