e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဩဂုတ် ၂၆

နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များအား e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ဦးစီးမှူးရုံးများမှ(နိုင်-၄)မှတ်တမ်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များကို နေပြည်တော်ရုံးချုပ်ရှိ e-ID Server သို့ ဖြည့်သွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယင်းအချက်အလက်များကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ကာ ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ် မှန်ကန်မြန်ဆန်စွာပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍လည်း အချက်အလက်များ ဖြည့်သွင်းမှုမှန်ကန်ရေး၊ ပြောင်းဝင်/ပြောင်းထွက်လုပ်ငန်းစဉ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်‌မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ကိုင်ဆောင်ကတ်ပြား ထုတ်ပေးပြီးသူများကို e-ID Server ဖြင့် ဖြည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်နေမှု၊ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူများကို ဥပဒေနှင့်အညီ စိစစ်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လဲလှယ်ဆောင်ရွက်ပေးမှု၊ အိမ်ထောင်စု ပြောင်းဝင်/ပြောင်းထွက်လုပ်ငန်းများဆောင်ရွက်မှု မြန်ဆန်စေရေး မြို့နယ်အချင်းချင်း ညှိနှိုင်းဆောင်ရွက်နေမှု၊ လုပ်ငန်းဆောင်ရွက်မှုများအပေါ် တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သွားမည့် နည်းလမ်းများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်းစိစစ်ဆောင်ရွက်နေမှု၊ ကွဲလွဲသည့် အချက်အလက်များအပေါ် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူကို ထိရောက်သောဝန်ဆောင်မှုပေးရန်နှင့် ယခုလုပ်ငန်းစဉ်များကို အချိန်ကာလသတ်မှတ်ချက်များအတွင်း မဖြစ်မနေပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)