ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ NUG, PDF အကြမ်းဖက်အဖွဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ NUG, PDF အကြမ်းဖက်အဖွဲ့



NLD ဦးဆောင်သူတချို့ဟာ အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့အချိန်က စပြီး CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး အလုံးစုံကိုပျက်သုဉ်းရေးကို ဖော်ဆောင်ခဲ့ကြပါတယ်။ အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတချို့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ရာမှာ အဆိုးရွားဆုံးအနေနဲ့ သံဃာတော်များကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ ပညာရေးကို ပစ်မှတ်ထား တိုက်ခိုက်မှုများဟာ အင်မတန် အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃) မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို တင်ပြသွားခဲ့ပါတယ်။ ယမန်နေ့ က အစည်းအဝေးမှာတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ဇူလိုင်လ ၃၀ ရက်နေ့အထိ (၆)လတာ ကာလတွင်း အခြေအနေကိုပဲ သုံးသပ်တင်ပြသွားခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သုံးသပ်တင်ပြမှုမှာ -

မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရည်မြင့်မား မှုရှိနေရန်အတွက် အလွန်အရေးကြီးပြီး ပညာရည်ပြည့်ဝနေစေရန် အတန်းပညာ တတ်မြောက်ရန်၊ တတ်မြောက်ထားသည့် အတန်းပညာနှင့်အညီ အတတ်ပညာ တတ်မြောက်ရန်၊ အသိပညာမြင့်မားစေရန်တို့ကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ပညာရေး နိမ့်ပါးကျဆင်း လာစေရန် ဦးတည်လုပ်ဆောင်လျက် ရှိနေသည်ကိုတွေ့ရပါကြောင်း၊ အကြမ်းဖက် သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ဆောင်ခဲ့မှု အချို့ကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာ များကပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည်များကို ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ရှိသည့် ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်းအသီးသီးတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာ၌ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး ထွက်ပြေးခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။

ထို့ပြင် အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်း စသည်များကိုလည်း ကျူးလွန်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သုနန္ဒာရာမဘုန်းတော်ကြီးကျောင်း အတွင်း အတန်းဆုံးစာမေးပွဲ ဖြေကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ကြားနေသည့် ကိုရင်(၁)ပါးနှင့် ကျောင်းသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်)တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်ကို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အတွက် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များကိုကြည့် ပါက လက်နက်ကိုင်အကြမ်းဖက်မှုကို ကျူးလွန်ရုံသာမက ကျောင်းနေအရွယ်ကလေး များ၏ ပညာသင်ယူခွင့်ကိုသာမကဘဲ နိုင်ငံတော်၏ ပညာရည်နိမ့်ပါး ကျဆင်းလာ အောင် ရည်ရွယ်လုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဇူလိုင် ၃၀ ရက်အထိ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဆောက်အဦ ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း သုံးသပ် တင်ပြခဲ့ပါတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေတဲ့ ၂နှစ်ခွဲတာ ကာလကို ပြန်ပြောမယ်ဆိုရင် နစက အစိုးရ သက်တမ်း ၁နှစ်ပြည့်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၂) မှတ်တမ်းမှာတော့ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လှုံ့ဆော်မှုနဲ့ PDF အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော အချို့သော EAO အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ဆရာ/ဆရာမ ၃၇ ဦး သတ်ဖြတ်ပြီး ၃၀ ဦးကို ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ စာသင်ကျောင်းများအားမီးရှို့ဖျက်ဆီးခြင်း ၅၀၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း သုံးသပ်တင်ပြခဲ့ပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၃) မှတ်တမ်းမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှစပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ (၂)နှစ်တာ ကာလအတွင်းမှာ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လှုံ့ဆော်မှုနဲ့ PDF အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော အချို့သော EAO အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၅၄၄၃ ဦး အထိ သေဆုံးခဲ့ရပြီး၊ ၄၅၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဆရာ/ဆရာမ ပညာရေးဝန်ထမ်း ၆၆ ဦး အထိ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ 

တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သက်တမ်း ၂နှစ်ခွဲကြာ ကာလကို ပြည့်မြောက်ပြီးချိန်မှာ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လှုံ့ဆော်မှုနဲ့ PDF အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော အချို့သော EAO အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၆၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီအထဲမှာ ပညာရေးဝန်းထမ်း၊ ဆရာ/ဆရာတွေ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အခြေအနေ၊ စာသင်ကျောင်းများကို ဒရုန်းနဲ့ ဗုံးပစ်ချ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ ဗုံးပစ်ဖောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပါတယ်။

NLD အစွန်းရောက် အကြမ်းဖက်ဝါဒီ CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ဆူပူဆန္ဒပြမှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်မယ်လို့ အစိုးရက စီစဉ်ဆောင်ရွက်လာတဲ့အခါ ပြည်ပြေး ဝရမ်းပြေးများ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဇော်ဝေစိုး၊ ပန်ဆယ်လို တို့ကို ဦးဆောင်ပြီး ကျောင်းမတက်နဲ့ ကျောင်းထွက် လို့ လှုံ့ဆော်ခဲ့ကြပါတယ်။ မျိုးရန်နောင်သိန်း ဆိုသူ ကတော့ ကျောင်းအပ်မယ့် မိဘတွေကို ကိုယ့်သား ကိုယ့်သမီး ခြေပြတ်လက်ပြတ်ဖြစ်ချင်ရင်ကျောင်းအပ် လို့ လှုံ့ဆော်ပြီး မြန်မာ့ပညာရေးဟာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး စဉ်ဆက်မပြတ် ခြောက်လှန့် တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေဟာ ကျောင်းတက်ရမယ့် လူငယ်လူရွယ်တွေကို သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ အကြမ်းဖက်သမားများအဖြစ် အသုံးချဖို့ KNU, KIA အကြမ်းဖက်အဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းတက်ခိုင်းပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်ဖျက်ဆီးခိုင်းတဲ့ အလုပ်တွေ လုပ်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ ရန်ကုန်မြို့ပေါ်မှာ ကျောင်းသား လူငယ်တွေကို သူတို့ဆရာမကို ပြန်သတ်ခိုင်းခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် က ဆရာမကြီး ဒေါ်လှလှသန်း ဟာ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ လှုံ့ဆော်မှုနဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်နေတဲ့ တပည့်များရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်အထိ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေဟာ လူငယ်တွေကို "ကျောင်းမတက်နဲ့ ကျောင်းထွက်" လို့ လှုံ့ဆော်ခဲ့ခြင်းဟာ လူငယ်တွေကို လမ်းမှန်ပေါ် ပို့ဆောင်ပေးခဲ့ခြင်း မဟုတ်ဘဲ သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ရာမှာ လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချဖို့ ဖြစ်တယ်ဆိုတာကို အထူးပြောဖို့ မလိုပါဘူး။ NLD ကို အစွန်းရောက် အားပေးထောက်ခံပါတယ်ဆိုတဲ့ နီပိန်းတွေတောင် ပြည်ပြေး ဝရမ်းပြေးတွေ လှုံ့ဆော်သည့်အတိုင်း သူတို့သားသမီးတွေကို ကျောင်းမထားဘဲ မနေပါဘူး။ ပညာမဲ့ အဖြစ်မခံပါဘူး။ လေလှိုင်းပေါ်မှာသာ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ကြပြီး သူတို့သားသမီးတွေကို ကောင်းပေ့ဆိုတဲ့ ပုဂ္ဂလိကျောင်းတွေမှာ ကျောင်းထားကြပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေအပေါ် ယုံကြည်မှု လွန်ကဲတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ နီပိန်းတွေသာ ကိုယ့်သား ကိုယ့်သမီး ကို ထိန်းကျောင်းပဲပြင် မိဘတို့ ဝတ္တရားနဲ့အညီ ပညာအမွေပေးရမယ့် နေရာမှာ ပြည်ပြေး ဝရမ်းပြေးတွေ အလိုကျ ကျောင်းမအပ်ဘဲနေခြင်းကြောင့် ကျောင်းသားလူငယ်တွေ နစ်နာခဲ့ရပါတယ်။ တစ်ပတ်အတွင်း နိုင်တော့မှာ၊ လကုန်နိုင်တော့မှ စသဖြင့် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေနေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားတွေဟာ တစ်နှစ်လည်း မဟုတ်၊ ၂နှစ်လည်း မဟုတ် လေလှိုင်းပေါ်က အာသီးယောင်ခြင်း သက်သက်သာဖြစ်ကြောင်း သိလာတဲ့အချိန် ကျောင်းပြန်ထားကြတဲ့အခါ ကလေးတွေမှာ ကျောင်းနဲ့ဝေးကွာပြီး ကျောင်းမတက်ချင်တော့သည်အထိ ဖြစ်ကုန်ရတာလည်း ရှိပါတယ်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အဖွဲ့ဝင်တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေကို လမ်းမှန်ကို ပို့ဆောင်ပေးခဲ့ခြင်း မဟုတ်ဘဲ ပြည်ပ နိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အလှူငွေတောင်းလို့ ကောင်းအောင် အကြမ်းဖက်လှုပ်ရှားမှုတွေမှာ လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချခဲ့ခြင်းကြောင့် အကြမ်းဖက်သမားများအဖြစ်နဲ့ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ရင်း လူငယ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဟာလည်း တိုင်းပြည်အတွက် အစားထိုးမရတဲ့ နစ်နာဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ အဓိက တရားခံကတော့ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး လွတ်မြောက်နယ်မြေမှာ အလှူခံပြီး စီးပွားရှာနေကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG ရဲ့ လက်ချက်ပဲ မဟုတ်ပါလား။

ယနေ့အချိန်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ NUG, PDF ကို အသိအမှတ် မပြုဘူးလို့ ပြောဆိုခဲ့ပြီးဖြစ်လို့ NLD ပါတီကို အားပေးထောက်ခံခဲ့သော ပြည်သူများ ကိုယ့်သားသမီးများ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်နေဆဲဖြစ်တယ်ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြမ်းမဖက် ရပ်တည်ချက်အတိုင်း ရပ်တည်ဆောင်ရွက်ကြဖို့ ဖျောင်းဖြပြောဆိုပြီး ထိန်းသိမ်းဆောင်ရွက်ကြဖို့ အကြံပြု တိုက်တွန်းအပ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)