တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တူးဖော်မှုကုန်းအမှတ် TG- 31 ပျူခေတ်အရိုးအိုးပြခန်းသို့ လေ့လာကြည့်ရှုနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တူးဖော်မှုကုန်းအမှတ် TG- 31 ပျူခေတ်အရိုးအိုးပြခန်းသို့ လေ့လာကြည့်ရှုနိုင်


MNP ၊  ဩဂုတ်  ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ တူးဖော်မှုကုန်းအမှတ် TG- 31 မှ  ပျူခေတ်အရိုးအိုးပြခန်းသို့ လေ့လာကြည့်ရှုနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ရှေးဟောင်းသုတေသနဦးစီးဌာနမှ အကြိမ်ကြိမ်ရှာဖွေလေ့လာ တူးဖော်မှုများပြုလုပ်ခဲ့ရာတွင် ၂၀၀၂ ခုနှစ်အထိ ပုဂံခေတ်ထက်စောသော အထောက်အထားများအား မတွေ့ရှိခဲ့ရဘဲ ၂၀၀၃ခုနှစ်တွင် ဘိုးဘိုးကြီးနတ်စင်ရှေ့လမ်းမှ ပျူခေတ်လက်ရာ အမျိုးသမီးအရိုးအိုး (၁)လုံးအား အမှတ်မထင်တွေ့ရှိ တူးဖော်မိခဲ့ရာမှ  အစပြု၍ ပျူခေတ်ဆိုင်ရာအထောက်အထားများကို ကွင်းဆက်ရရှိခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း အိမ်သာကျင်းတူးဖော်ရာမှ အရိုးအိုးနှင့် ရေတကောင်းအိုးများကို အစုအပြုံလိုက်မြှုပ်နှံ ထားခဲ့မှုပုံစံများတွေ့ရှိခဲ့ရသည်။ ၎င်းပုံစံများမှာ ကြေးခေတ်နှောင်းနှင့် သံခေတ်ဦးကာလ ပျူသင်္ချိုင်းမြှုပ်နှံမှုပုံစံနှင့် ဆင်တူနေကြောင်း၊ အိုးအမှတ် (၁၄)အတွင်းမှရရှိသော ကြေးဇွန်း(အရှည် ၁၀ လက်မ)သည် လက်ရာမြောက်လှပြီး သံမှို၊ သံဓားခွေး၊ သံဓားများက သံခေတ်ဦးလက်ရာကို ဖော်ပြလျက်ရှိသည်။ အရိုးအိုးများ၌ ပန်းဒီဇိုင်းများ ထွင်းထုထားသည်ကိုလည်း တွေ့ရှိရသည်။ ခရုသင်းပုံနှစ်ခုကို ယှဥ်၍ ထွင်းထားသောဒီဇိုင်း၊ စတုရန်းကွက်၌ စက်ဝိုင်းများထည့်သွင်းထုထားသောဒီဇိုင်းများ၊ ဗိန္ဒုပြောက်နှင့် ကြက်ခြေခတ်ဒီဇိုင်းမျာ၊ လှိုင်းတွန့်သဏ္ဍာန်ဒီဇိုင်းများစသည့် မတူညီသော ပုံစံအမျိုးမျိုးဖြင့်တွေ့ ရှိရပြီး အရိုးအိုးအဖုံးတွင် ထိပ်ချွန်သဏ္ဍာန်၊ သပိတ်ပုံဏ္ဍာန်မြေခွက်များပါရှိသည်။ ၎င်းအရိုးအိုးများ တူးဖော်ရရှိသည့်နေရာအား မြေလွှာခွဲခြမ်း လေ့လာမှုအရ အပေါ်ယံမြေလွှာ၊ အုတ်ကျိုးရောမြေလွှာ၊ ရွှံ့နှင့် ကျောက်ဖြုန်းရောမြေလွှာ၊ ရွှံ့စေးမြေလွှာ၊ သဘာဝမြေလွှာဟူ၍ (၅)မျိုးတွေ့ရှိရသည့်အနက် ပျူအရိုအိုးများကို မြေအနက်(၄)ပေခွဲ၊ (၅)ပေခွဲခန့်မှ စတင်သည့် ကျောက်ဖြုန်းရောမြေလွှာတွင် တွေ့ရှိရပြီး  အရိုးအိုးများ၏ အောက်ခြေအခင်း ပျူအုပ်ချပ်များတွေ့ရှိရာ မြေအနက် ၆ ပေခွဲခန့်မှစ၍ သဘာဝမြေလွှာ စတင်တွေ့ရှိခဲ့ပြီး မြေအနက်(၉)ပေအထိ တူဖော်ခဲ့ရာ သဘာဝမြေလွှာ မပြောင်းလဲ တွေ့ရှိရခြင်းအချက်သည် တကောင်းအရပ်ဒေသတွင် ပျူလူမျိုးများသည်သာ အစောဆုံးနေထိုင်ခဲ့သည့်ဟု တကောင်းဌာနခွဲရှိ မှတ်တမ်းများအရ သိရသည်။


တူးဖော်ရရှိမှုများအရ  ကိုးကွယ်မှုဆိုင်ရာ အထောက်အထားမတွေ့ရခြင်း၊ အရိုးအိုးလက်ရာများရိုးစင်းခြင်း၊ လိင်အင်္ဂါဆန်ဆန် အဖုံးလက်ကိုင်များ တွေ့ရှိရခြင်းအချက်တို့သည့် ထိုအရိုးများမြှုပ်နှံသည့်အချိန်သည် မြန်မာ့ကြေးခေတ်နှင့် သံခေတ်စပ်ကူးမတ်ကူးကာလ ဘီစီ(၃)ရာစုမှ အေဒီ(၁)ရာစု ဝန်းကျင်ခန့်ဟု ခန့်မှန်းသိရှိရကြောင်း တကောင်းဌာနခွဲရှိ မှတ်တမ်းများအရ သိရှိရသည်။


တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများအနေဖြင့် တူးဖော်မှုကုန်းအမှတ် TG- 31မှ ပျူခေတ်အရိုးအိုးပြခန်းသို့ ဗဟုသုတရရှိရန် သွားရောက်လေ့လာကြည့်ရှုနိုင်သကဲ့သို့  ဌာနမှထိန်းသိမ်းထားသော  တူးဖော်မှုကုန်းများနှင့် တကောင်းရှေးဟောင်းသုတေသနပြတိုက်တွင် ခေတ်အလိုက် ခင်းကျင်းပြသထားသည့်  ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။


သီရိ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)