MNP ၊ စက်တင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံ၏အခြေခံကျန်းမာရေးစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ပြည်သူအားလုံးသက်ရှည်ကျန်းမာမည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်ရေးဦးတည်ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများအပြင် ပြည်သူလူထုအတွင်းကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသခံပြည်သူများအား ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုသမှုများရရှိစေရေးရည်ရွယ်လျက် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းလွင်နှင့်မန္တလေးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာထက်ထက်ခင်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ (၄)ထပ်ဆောင်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းသို့ အထူးဆေးကုသရေးအဖွဲ့၏ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ အထူးဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၏ စစ်ဆေးစမ်းသပ်ကုသပေးမှုများကို လာရောက်ကုသမှုခံယူသော ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများပြောကြားသည်။ ထို့အပြင် အလှည့်ကျစနစ်ဖြင့် စနစ်တကျစောင့်ဆိုင်း၍ ကုသမှုခံယူနိုင်ရေးစီမံဆောင်ရွက်ပေးခဲ့ပြီး မုန့်နှင့်ရေသန့်များကို ဖြန့်ဝေပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အထူးကုဆေးကုသရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်သိန်း(၅၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါဆေးကုသမှုအစီအစဉ်တွင် ဆီးချို/ဟော်မုန်းရောဂါဆိုင်ရာလူနာ၊ ဦးနှောက်နှင့် အာရုံကြော(ခွဲစိတ်)ရောဂါဆိုင်ရာလူနာများ၊ နှလုံးရောဂါဆိုင်ရာလူနာများ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဆိုင်ရာလူနာများ၊ အသည်းရောဂါဆိုင်ရာလူနာများ၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာများ၊ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာလူနာများအား ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ စုစုပေါင်း (၉)ဦးပါဝင်သောအဖွဲ့တိုက မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား (၂၃.၉.၂၀၂၃)နေ့ရက်မှ (၂၄.၉.၂၀၂၃)နေ့ရက်ထိ (၂)ရက်ကြာ အခမဲ့အထူးဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံကြီးရှိ ကာကွယ်ဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကလေးမိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်များကိုပေးအပ်ခဲ့သည်။
ထို့အပြင် နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မုန့်နှင့်အချိုရည်ဘူးများကို ဖြန့်ဝေကျွေးမွေးခဲ့ကြပြီး အဆိုပါဆေးရုံတွင် မူးယစ်ဆေးဖြတ်ကုသမှုခံယူလျက်ရှိသော အတွင်းလူနာများအား မူးယစ်ဆေးဝါးသုံးစွဲမှု အပြီးတိုင်စွန့်လွှတ်ကာ ပိုမိုကောင်းမွန်သောဘဝသစ် ပြန်လည်ထူထောင်နိုင်ရေး အားပေးပြောကြားပြီး ဆေးရုံအတွက် ထောက်ပံ့ချီးမြှင့်ငွေများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းက ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမသစ် တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်ပြီး ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည့် ၁၈၀ ပေ × ၁၂၀ ပေ × ၂၆ ပေရှိ နှစ်ထပ်အဆောက်အဦတည်ဆောက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်အင်္ဂါရပ်နှင့်အညီ ခန့်ညားထည်ဝါသည့်အဆောက်အအုံဖြစ်စေရေး၊ သတ်မှတ်ပုံစံအတိုင်းအရည်အသွေးပြည့်မီစွာ ဆောက်လုပ်သွားရေး၊ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်အတိုင်း သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment