MNP ၊ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သွေးကျောက်ကျေးရွာနှင့် ပနီဆုံကျေးရွာများမှ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမည့်တောင်သူများအား ပျိုးပင်များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက လက်ပံတံခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုလျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးနှင့် ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် လက်ပံတံခါးနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ဘုန်းမြင့်က နယ်မြေအတွင်း ဘိန်းစိုက်လုပ်သားများ ဝင်ရောက်မှု၊ ကြက်ချေး/မြေဩဇာစုဆောင်းမှုနှင့် မြေပြုပြင်နေမှုတို့အား တွေ့ရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် သက်ဆိုင်ရာရဲစခန်းသို့ သတင်းပေးပို့ခြင်းဖြင့် ကူညီဆောင်ရွက်သွားရန် အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက လယ်ယာမြေဥပဒေအကြောင်းအရာများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇ဆောင်ရွက်ပေးနေမှုများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ဘိန်းအစားထိုး ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဘိန်းစိုက်ပျိုးမှုလျော့နည်းစေရေးနှင့် အစားထိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ သရက်ပင်ပေါက် (၃၀၀)ပင်၊ နေကြာမျိုးစေ့(၃၀)အိတ်၊ ယူရီးယားဓာတ်မြေဩဇာ(၅၀)အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၁၀)အိတ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ
https://t.me/MyanmarNationalPost
No comments:
Post a Comment