(၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ နေပြည်တော်တွင် လက်ခံကျင်းပနိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ နေပြည်တော်တွင် လက်ခံကျင်းပနိုင်ရေး ဆွေးနွေး


MNP ၊ စက်တင်ဘာ ၅

(၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့က ကြီးမှူး၍ နေပြည်တော်တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယကများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လုပ်ငန်းကော်မတီအလိုက် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော် တွင်ကျင်းပမည့် (၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူး ဆောင်ဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာယကကြီးများ၊ ဥက္ကဋ္ဌများနှင့် အခမ်းအနားကျင်းပရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ညီလာခံအတွက် လုပ်ငန်းခေါင်းစဉ်များ သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီများ၏ လိုအပ်ချက်များအရ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နာယကကြီးများ၏ ဖြည့်စွက်ဆွေးနွေးမှုများနှင့် တာဝန်ရှိသူများ၏ အကြံပြုဆွေးနွေးတင်ပြမှုတို့ကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်၍ အစည်းအဝေး ကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့နယ်နဝဒေးလမ်းရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)ရုံးချုပ်၌ ဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက CHID Bank အား နိုင်ငံတော်၏ ဆောက်လုပ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်ကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှယ်ယာ ၄၀ ရာခိုင်နှုန်း မတည်ထည့်ဝင်၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများစိတ်ချယုံကြည်အားကိုးရသော ဘဏ်ကြီးအဖြစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်းချက်ထားရှိ၍ ဘဏ်လုပ်ငန်းစဉ်များ၊ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်နာ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် လုပ်ငန်းများ လျာထားဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြ၍ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)