ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ်စီမံ ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ်စီမံ ဆောင်ရွက်ပေးလျက်ရှိ





MNP ၊  စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မြို့မဈေးကြီးသို့ ရောက်ရှိခဲ့ပြီး ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသုံးကုန်များ သန့်ရှင်းလတ်ဆက်ရန်နှင့် စားသုံးကုန်ပစ္စည်းအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်၊ တာရှည်ခံ ဓာတုဆေးဝါးများဖြင့် ပြုပြင်ဆောင်ရွက်ထားသည့် စားသုံးရန်မသင့်သော စားသုံးကုန်များ ရောင်းချမှုမရှိစေရေး FDA နှင့်ချိတ်ဆက်၍ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်၊ ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဥ၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝန်း၌ Mobile Shop Car များဖြင့် အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ငါး၊ ကြက်ဥများအား သက်သာသော ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် သာသက်သောရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသည့် စားသုံးကုန်များအား တစ်ဆင့်ပြန်လည်ဝယ်ယူ ရောင်းချခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံစားသုံးကုန်များအား နေ့စဉ်ရက်ကွက်များအလိုက် လှည့်လည်ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် ချိတ်ဆက်၍ အမယ်စုံရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဇင်းရပ်ကွက်၊ ရွှေသာလျောင်းဘုရားဈေးသို့ ရောက်ရှိခဲ့ပြီး အခြေခံစားသုံးကုန်ပစ္စည်းအမျိုးအစားအလိုက် လက်လီရောင်းချနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးမြို့မဈေး၌ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သက်သာသောနှုန်းထားဖြင့် တစ်ဆင့်ပြန်လည်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့်  ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် ချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချနိုင်သည့် အရောင်းဆိုင်များဖွင့်လှစ်၍ ဇွန်လ (၁၇) မှစတင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈) မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသလို ရပ်ကွက်များသို့လည်း နေ့စဉ် Mobile Shop Car များဖြင့် အခြေခံစားသုံးကုန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)