MNP ၊ စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ငွေတောင်တောရကျောင်းတိုက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်၊ ဗိမာန်တော်တွင် ကျင်းပသည်။
အခမ်းအနားသို့ တပ်ကုန်းမြို့နယ် မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက တပ်ကုန်းမြို့နယ် မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာကြားကြနောက် မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော်ထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာ တော်ထံ စစ်ဦးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ရွှေအင်းရိပ်သာကျောင်းတိုက် ဆရာတော်ထံ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့က လှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်းကြပြီးနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော် နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆွမ်းပဒေသာပင်အလှူတော်ငွေများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များက အသီးသီး ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ်၊ စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် စစ်ဦးစီးအရာရှိ ချုပ်(လေ)တို့က လက်ခံရယူကြသည်။ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တပ်မတော်အရာရှိကြီးတစ်ဦးက ရှင်းလင်းလျှောက်ထားပြီးနောက် မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သဒ္ဓါဓိကဘိုးဘွားရိပ်သာတို့သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှု အစုစုမှာ အလှူငွေကျပ် ၂၅၀၈၅၀၀၀ ကျပ်၊ ဆန် ၄၉၈ အိတ်၊ ဆီ ၁၄၉ ဒသမ ၄ ပိဿာ၊ ပဲ ၁၄၉၄ ပိဿာ၊ ဆား ၁၄၉၄ ပိဿာ၊ ဆေးမျိုးစုံ ၃၄၈၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment