တပည့်မွေး၊ ဆရာမွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပည့်မွေး၊ ဆရာမွေး



လက်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ ယုံကြည်လို့ တာဝန်ပေးထားသူတွေ က ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုတွေ မြင့်တက်လာတဲ့အချိန်မှာ အရေးယူဆောင်ရွက်ရတာမျိုးတွေ ရှိလာပါတယ်။ နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ စိတ်ညစ်မိမှာတော့ အမှန်ပါပဲ။ အဆိုးဆုံးကတော့ ကိုယ့်အနီးအပါးမှာ ရှိတဲ့သူတွေက အခုလို လုပ်ဆောင်လာတဲ့အပေါ်မှာ ပိုပြီး စိတ်ပျက်ရလိမ့်မယ်။ 

ဒီဖြစ်စဉ်တွေကို အခြေခံပြီး တိုင်းပြည်မှာ အာဏာရှင်အဖြစ် သမုတ်ခြင်းခံခဲ့ရတဲ့ ဦးနေဝင်း၊ ဦးသန်းရွှေတို့ရဲ့ အဖြစ်ကို ကျွန်တော်တို့ ပြန်ပြီး ဆင်ခြင်သုံးသပ်မိလိမ့်မယ်။ ဦးနေဝင်း ဘာကြောင့် အာဏာရှင်လို သမုတ်ခြင်း ခံခဲ့ရသလဲ။ ဦးနေဝင်းကတော့ ပြည်သူလူထု ကောင်းကျိုးကို မျှော်ရည်ပြီး လမ်းညွှန်မှာကြားတာတွေ လုပ်ဆောင်ခဲ့တာပါပဲ။ သို့ပေသော် ယုံကြည်ရတဲ့ သူတွေက ပြည်သူလူထုကို ဖိနှိပ်၊ ဂုပ်သွေးစုပ်၊ ကိုယ်ကျိုးရှာတယ်။ ဦးနေဝင်းကို ပြန်တင်ပြရင် ဘုန်းတော်ကြောင့် စည်ပင်သာယာဝပြောလျက်ရှိကြောင်းပါ။ ဒီလိုနဲ့ တိုင်းပြည်ဟာ ကမ္ဘာ့အလယ်မှာ နိမ့်ပါးသည်ထက် နိမ့်ပါးလာတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ယုံကြည်မှုကို အလွဲစားလုပ်ပြီး ကိုယ်ကျိုးရှာသူတွေမှာ ပိုက်ဆံတွေ မှိုတက်သည် အထိ မရေမတွက်နိုင်လောက်အောင် ကြီးပွားချမ်းသာလာတယ်။

ထို့အတူပါပဲ ဦးသန်းရွှေ၊ ဦးခင်ညွန့် တို့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ အချိန်မှာလည်း အလားတူ ပြဿနာမျိုးတွေ ပေါ်ပေါက်ခဲ့တာပါပဲ။ ဦးခင်ညွန့် တန်ခိုးထွားလာချိန် တပည့်သားမြေးတွေက မိုက်မဲလာကြတယ်။ ထောက်လှမ်းဆိုတာနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်လာကြတယ်။ တပည့်မကောင်း ဆရာခေါင်း ဦးခင်ညွန့်ပါ ထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရတယ်။ ထောက်လှမ်းရေးအဖွဲ့ဝင်တိုင်း အဲဒီလို မလုပ်ပါဘူး။ ကျွန်တော်တို့နဲ့ ယနေ့အချိန်အထိ ခင်မင်ရင်းနှီးတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတွေ ရှိပါတယ်။ အရေးယူခြင်းခံရတဲ့ အထဲမှာလည်း မပါခဲ့ကြပါဘူး။

မြန်မာ့လူ့အဖွဲ့အစည်းမှာ သိပ်ပြီး မတွင်ကျယ်သေးတဲ့ စကားတစ်ရပ်ကို ဦးနေမျိုးဝေနဲ့အတူ လယ်ယာမြေသိမ်းဆည်းခံရမှုများ လိုက်ပါ ဖော်ထုတ်ရေးသား နေစဉ်က ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာက မွန်လယ်သမားတွေရဲ့ လယ်ယာမြေတွေကို မွန်သူဌေးကြီး ဦးခင်ရွှေက သိမ်းပိုက်ထားတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ အဲဒီလယ်ကွင်းထဲမှာ သွားပြီး လယ်သမားတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို မေးမြန်းရေးသားဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းနဲ့ ကပ်လျက် မင်္ဂလာဒုံ ဥယာဉ်မြို့တော်ဆိုတာ လယ်ယာမြေတွေချည်း ဖြစ်ပါတယ်။ ယခု လက်ရှိ အဲဒီအထဲမှာ သူဌေးသူကြွယ်တွေ နေနေကြပါတယ်။ အဲဒီ (၃)လမ်းဆုံ မီးပွိုင့်ကနေ ကနေ စလို့ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းအတိုင်း - ဆင်ဖုံကျေးရွာဘက်အထိ၊ မီးပွိုင့်ကနေ အမှတ်(၃)လမ်းမကြီးအတိုင်း ရွှေနံ့သာကျေးရွာ အထိ ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဟာ လက်ညှိုးထိုး မလွဲဘူး။ သိမ်းဆည်းခံတောင်သူတွေ ဟာ ဆင်ဖုံ၊ သင်္ဃန်းကျွန်းကြီး၊ ရွှေနံ့သာကျေးရွာတွေက တောင်သူတွေ ပါတယ်။ ဘယ်လယ်သမားကိုမှ တန်ရာတန်ကြေးပေးပြီး ရယူခဲ့တာမျိုး မရှိဘူး။

ဦးခင်ညွန့်ရဲ့ အရှိန်အဝါကို သုံးပြီး ဦးခင်ရွှေက သိမ်းလို့ ရသမျှ သိမ်းယူသွားခဲ့တာပဲ။ မင်္ဂလာဒုံဥယာဉ်ထဲက အိမ်ခြံမြေတွေ၊ ဂေါကွင်းတည်ဆောက်ထားတဲ့နေရာတွေက တောင်သူတွေ အခုသွားတွေ့ပြီး မေးရင် အခုပြောပါလိမ့်မယ်။ သူတို့ လျော်ကြေးမရသေးဘူး။ ခြိမ်းခြောက် ဟိန်းဟောက် တပ်မတော်သားတွေကို အသုံးချပြီး မောင်းထုတ်ခြင်းခံခဲ့ကြရသူတွေ ဖြစ်တယ်။

အဲဒါကို အကြောင်းပြုပြီး ဦးနေမျိုးဝေက ပြောပြတာ "ဆရာမွေး၊ တပည့်မွေး" ဆိုတာ ဒါမျိုးကို ပြောတာ။ ဆရာကသာ တပည့်မွေးတာမဟုတ်ဘူး။ တပည့်ကလည်း ဆရာကို ပြန်မွေးတာမျိုး ရှိတယ်။ ငါ့ဆရာ ဦးခင်ညွန့်ကွ၊ ဘယ်သူထိရဲသလဲ စိန်ခေါ်ပြီး လုပ်သွားတာပဲ မဟုတ်လား။

ဦးခင်ညွန့်တို့ အနေနဲ့ ဒါတွေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အခါ ပြည်သူထုရဲ့ မုန်းတီးခြင်းခံရတယ်။ အဲဒါ သူမွေးထားတဲ့ တပည့်တွေကပဲ သူ့အပေါ် ပြည်သူလူထု က မုန်းတီးအောင် လုပ်ဆောင်သွားခဲ့ကြတာဖြစ်တယ်။

ယနေ့ တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေကြသူများက တပ်မတော်အကြီးအကဲများကို နာမည်ပျက်အောင် လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ ဖြစ်နေတဲ့ သဘောကတော့ ဝိသမလောဘသားတွေကိုသာ အားကျအတုယူပြီး လိုက်လုပ်နေကြသလို ဖြစ်နေပါတယ်။ တပ်မတော်က တိုင်းပြည်အာဏာကို လွှဲပြောင်း တာဝန်ယူနေရတဲ့ သဘော သဘာဝကိုလည်း မဆင်ခြင်ဘူး။ NLD အစိုးရတာဝန်ရှိသူတွေ အဂတိလိုက်စားမှုနဲ့ အရေးယူဆောင်ရွက်နေရတာတွေကိုလည်း သင်ခန်းစာမယူဘူး။ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာရတာ လွယ်လွန်းတဲ့အခါမှာ ဒီလမ်းစဉ်နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်ကြတာမျိုး ဖြစ်နေပါတယ်။ 

ယနေ့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရှေ့မှာ ဖြစ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူ၊ မိမိ ဦးဆောင်နေစဉ်မှာ ဒါမျိုးတွေ မဖြစ်အောင် အချိန်မီ ထိန်းသိမ်းခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်တွေလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ရှေ့က တပ်မတော်ခေါင်းဆောင်ကြီးများမှာ ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုပြီး လုပ်ဆောင်ခဲ့သည့်တိုင်အောင် မိမိတို့ရဲ့ တပည့်သားမြေးများကို မထိန်းချုပ်နိုင်တဲ့ အခါ ပြည်သူလူထုရဲ့ မုန်းတီးခြင်းမှာ ခရီးဆုံးခဲ့ရတယ်။

အခု နိုင်ငံတော်ဝန်ကြီးချုပ် ယုံကြည်အားကိုးတဲ့ သူတွေထဲက မလုပ်သင့်တဲ့အလုပ်တွေ လုပ်လာလို့ အရေးယူဆောင်ရွက်ရတယ်။ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေခြင်းဟာ မိမိတို့ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဆောင်ရွက်နေကြခြင်း မဟုတ်ပါဘူး။ သူနဲ့ ထိုက်တန်မယ်တင်လို့ တာဝန်ပေးတယ်။ အာဏာအလွဲသုံးစား လုပ်ရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို မသိကျိုးကျွန်ပြုထားလေ ပြည်သူထုလူက မုန်းတီးလေ အဖြစ်မျိုး ကြုံရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ထပ်ဆင့်တင်ပြလိုတာက အခုလို နိုင်ငံတော်အကြီးအကဲရဲ့ အနီးအပါးမှာ ရှိတဲ့ ပုဂ္ဂိုလ်များကတောင် အာဏာအလွဲသုံးစား လုပ်တယ်ဆိုရင် နိုင်ငံတော်အကြီးအကဲများနဲ့ အလှမ်းကွာနေသူတွေ ဘယ်လိုတွေ လုပ်နေကြမလဲ ဆိုတာကိုလည်း တွက်ဆမိဖို့ လိုပါတယ်။ အထူးအားဖြင့် ကျွန်တော်တို့က အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ပြောဆိုတဲ့ အခါမျိုးမှာ အကြမ်းဖက်လှုပ်ရှားမှု အားကောင်းနေခြင်းက သက်ဆိုင်ရာ နယ်မြေများမှာ တာဝန်ပေးအပ်ခြင်း ခံထားရသူများဟာလည်း အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာတာတွေ လုပ်ဆောင်နေကြပါတယ်။

သာဓကအားဖြင့် ဧရာဝတီတိုင်းထဲမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ အပြစ်မဲ့ ပြည်သူတွေ သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတွေက ဖော်ထုတ်ဖမ်းဆီးပေးခဲ့တာမျိုး မရှိဘူး။ ဒေသခံပြည်သူတွေရဲ့ တင်ပြချက်အတွေအရ တိုင်းအဆင့်က ဆင်းဖမ်းခဲ့ရတယ်။ နယ်မြေခံတွေက ဖမ်းလို့ ဖမ်းသွားမှန်းတောင် မသိလိုက်ကြတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။

လက်ရှိ နီပိန်းအစွန်းရောက် အကြမ်းဖက်ဝါဒီတွေ အားကောင်းနေပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ထိုနည်းတူစွာပါပဲ။ သက်ဆိုင်ရာ နယ်မြေအလိုက် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ရမယ့် သူတွေဟာ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမှာ အကြမ်းဖက်သမားများနဲ့ ဆက်သွယ်ပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြပါတယ်။ ကိုယ့် ရဲဘော် ရဲဘက် အချင်းချင်းကိုတောင် သစ္စာမထားဘဲ နယ်မြေရှင်းလင်းရေးထွက်တဲ့ အဖွဲ့က ထွက်ပြီဆိုတာနဲ့ အကြမ်းဖက်သမားများဘက်ကို သတင်းက ပေါက်ကြားနေပါတယ်။ မြေပြင်မှာ လက်တွေ့ကျကျ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆိုတဲ့ ဆောင်ပုဒ် ကို လက်ကိုင်ထားပြီး ဆောင်ရွက်နေသည့်တိုင်အောင် တပ်မတော်အရာရှိတိုင်းကတော့ ဒီဆောင်ပုဒ်ရဲ့ လေးနက်မှုကို အလေးထားချင်မှ ထားလိမ့်မယ်။ ဥပမာအားဖြင့် တပ်ထဲကနေ ပြစ်မှုနဲ့ ထွက်ပြီး ပြည်ဖျက်မိစ္ဆာများနဲ့ ပူးပေါင်းကာ တိုင်းဖျက် ပြည်ဖျက် လုပ်နေကြတဲ့ နေမျိုးဇင် တို့လို ကောင်တွေကို ကြည့်ရင်ပဲ သိနိုင်ပါတယ်။ နေမျိုးဇင်လို ကောင်မျိုးတွေ တပ်ထဲမှာလည်း ရှိနေနိုင်ပါတယ်။

တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးဟာလည်း ကြီးမားကျယ်ပြန့်ပါတယ်။ အစိုးရယန္တရားဆိုရင် ပိုပြီး ကျယ်ပြန့်သွားပါပြီ။ ခေတ်အဆက်ဆက် ပျက်ယွင်းနေတဲ့ ယန္တရားကို ထိန်းကျောင်း တည့်မတ်ဖို့က လွယ်လင့်တကူတော့ မဖြစ်နိုင်ဘူး။ အချိန်တိုအတွင်းမှာလည်း မရနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲများအနေနဲ့ စိတ်မပျက်နဲ့။ စိတ်မညစ်နဲ့။ တပ်မတော် နှင့် ပြည်သူကြားမှာ  ပြည်ဖျက်မိစ္ဆာများက ခေတ်အဆက်ဆက် သွေးခွဲခဲ့ကြတယ်။ တပ်မတော်အပေါ် ပြည်သူက မုန်းတီးနာကျည်းအောင် ဖန်တီးခဲ့ကြတယ်။ ဒါတွေကို ကုစားဖို့ဆိုရင် ယုံကြည်လို့ တာဝန်ပေးအပ်ထားတာကို အလွဲသုံးစားလုပ်ရင် အလွဲသုံးစားလုပ်သူကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းကသာ နိုင်ငံတော်အကြီးအကဲများ တဖွဖွကြွေးကြော်နေတဲ့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်လက်ရင်းတပည့်မို့လို့ "တပည့်မွေ၊ ဆရာမွေး" ယုံကြည်မှုလွန်ကဲခြင်းကြောင့် တပ်မတော်အကြီးအကဲများ နာမည်ပျက်ခဲ့ရတဲ့ သင်ခန်းစာမျိုး ထပ်မံမဖြစ်စေဖို့သာ ဦးတည်ဆောင်ရွက်သင့်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)