MNP ၊ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် မြိတ်ခရိုင်ဒေသ ဝမ်းစာဖူလုံရေးအတွက် ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်ခရိုင်အတွင်း နေထိုင် ကြသူအားလုံးအတွက် ဝမ်းစာဖူလုံရန်အရေးကြီးကြောင်း၊ စပါးစိုက်ပျိုထုတ်လုပ် လာနိုင်သည်နှင့်အမျှ ဆန်ဈေးနှုန်းတည်ငြိမ်ရန်နှင့် စားသုံးသူများ သက်သက်သာသာ ဈေးနှုန်းဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆန်ဖူလုံမှု (၇၃) ရာခိုင်နှုန်းသာရှိကြောင်း၊ ဆန်စပါးဖူလုံရန်အတွက် စိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းများ တိုးတက်ထွက်ရှိစေရေး၊ အထွက်တိုးမျိုးစပါး ပြောင်း လဲစိုက်ပျိုးနိုင်ရေးနှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စများဆောင်ရွက် ပေးနိုင်မှသာ ပန်းတိုင် အထွက်နှုန်း ရောက်ရှိလာမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ကဏ္ဍအလိုက် လျာထားချက်၊ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က ဖြည့်စွက် ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ မြိတ်ခရိုင်ဒေသဝမ်းစာဖူလုံရေးအတွက် ခရိုင်အတွင်း ဆန်စားသုံးမှုနှင့် ဆန်ဖူလုံရန်လိုအပ်မှု အခြေအနေ၊ ဆန် ဝယ်ယူတင်သွင်းနေမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို မြိတ်ခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုများအတွက် ဒေသဝမ်းစာ ဖူလုံရေး စပါးစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်တိုးမျိုးစပါး ပြောင်းလဲစိုက်ပျိုးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လျာထားလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မြိတ်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး (၁၁၈၄၁၅) ဧက၊ နွေစပါး (၇၀၉၉) ဧက စိုက်ပျိုးနိုင် ခဲ့ပြီး အထွက်နှုန်းတင်းအနေနဲ့(၉၀၆၇၁၆၉)တင်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာ ဖူလုံမှုအနေဖြင့် (၈၁)ရာခိုင်နှုန်းရရှိခဲ့ပြီး ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ပျိုးရန် (၁၁၈၄၁၅) ဧကလျာထားခဲ့ပြီး ဩဂုတ် (၃၁) ရက်အထိ (၁၀၈၂၉၁) ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထာချက်အပေါ် စိုက်ပျိုးပြီးစီးမှု အနေဖြင့် (၉၁.၄၅) ရာခိုင်နှုန်း စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ အထွက်ကောင်းမျိုးစပါး အနေဖြင့် စိုက်ဧက (၇၃၈၂၃) ဧက၊ အရည်အသွေးကောင်း မျိုးစပါးအနေဖြင့် (၁၀၆၀၄) ဧက၊ ဒေသမျိုးစပါးအနေဖြင့် (၂၃၈၆၄) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး
#MyanmarNationalPost
No comments:
Post a Comment