MNP ၊ စက်တင်ဘာ ၅
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၃) အခြေခံပညာအထက် တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ် (၁၃) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) မှ ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းတို့ကို လည်ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အကြောင်းအရာဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment