MNP ၊ စက်တင်ဘာ ၄
နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့် က ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းကတရားစီရင်ရေးတာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများသည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်နေရသူများဖြစ်၍ စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုပြီး လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း အရည်အချင်းရှိရမည်ဖြစ်ပြီး အောက်ကိုလည်း ကြီးကြပ်ကွပ်ကဲမှုကောင်းရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကြရမည်ဖြစ်သကဲ့သို့ တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်ကိုလည်း လိုက်နာရမည်ဖြစ်ပြီး မိမိတို့၏တစ်ဦးချင်းလုပ်ငန်းတာဝန်များကို သစ္စာရှိရှိကျေကျေပွန်ပွန် ထမ်းဆောင်သွားကြရန်၊ တရားစီရင်ရာတွင် ဥပဒေနှင့်အညီမှန်ကန်မြန်ဆန်စွာ အဆုံးအဖြတ်ပြုလျက် ပြည်သူအများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်၊ အမှုလက်ကျန်များပြီးပြတ်စေရန်တာဝန်ရှိ၍ ပြီးပြတ်နှုန်း ၁၀၀ % အထက် ဖြစ်ရန်လိုကြောင်း၊ မှန်မှန်နှင့်မြန်မြန် တရားစီရင်ရေးဆောင်ရွက်ကြရန်၊ အချုပ်တရားခံအမှုများ ကြန့်ကြာမှုမရှိစေရေး ညွှန်ကြားချက်များနှင့်အညီ အထူးဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်၊ သက်သေခံ ပစ္စည်းများနှင့်ပတ်သက်၍ ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် စသည့်ဖြင့်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေး အရာရှိများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment