ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရွှေစည်းခုံဘုရားနှင့် အာနန္ဒာဘုရားရင်ပြင်တော်ပေါ်ရှိ မိုးရေများ ရေစုပ်စက်များဖြင့် စုပ်ထုတ်နေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရွှေစည်းခုံဘုရားနှင့် အာနန္ဒာဘုရားရင်ပြင်တော်ပေါ်ရှိ မိုးရေများ ရေစုပ်စက်များဖြင့် စုပ်ထုတ်နေရ

 




MNP ၊ စက်တင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့နံနက် ၄ နာရီအချိန်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ်သို့ မိုးရေများဝပ်နေခြင်းအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရေစုပ်စက်များတပ်ဆင်ကာ မိုးရေများစုပ်ထုတ်နေကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း ယနေ့နံနက် ၄ နာရီအချိန်မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၇ နာရီအချိန်ထိ ရွာသွန်းခဲ့သည့် မိုးသည် မိုးရေချိန် (၂.၈၇)လက်မခန့်ရွာသွန်းခဲ့ကြောင်း၊ ပုဂံ-ညောင်ဦးတွင် မေလအတွင်းက ရွာသွန်းခဲ့သည့် မိုခါမုန်တိုင်းတွင် ရေကြီးရေလျှံမှုကြီးမားစွာဖြစ်ပေါ်ခဲ့သော စူဠာမဏိဘုရားတွင်ရေဝင်ခဲ့ခြင်းမရှိဘဲ ပြုပြင်ထားသော Level ညှိထားသည့် နေရာများရှိ ရေထွက်ပေါက်များမှတဆင့် ရေများစီးဆင်းထွက်နေခဲ့ကြောင်း၊ အာနန္ဒာဘုရားပရဝုဏ်အတွင်း ဘုရားရင်ပြင်တွင်ရေ အနည်းငယ်ဝပ်၍ အနိမ့်ဆုံးနေရာတွင်  ၇ လက်မခန့်နှင့် အမြင့်ဆုံးနေရာတွင် ၂ လက်မ ခန့်ရှိပြီး အဆိုပါရေများအား ရေစုပ်စက်များအသုံးပြုကာ ရေစုပ်စက်သုံးလုံးဖြင့် ရေစုပ်ထုတ်လျက်ရှိကြောင်း၊ ရွှေစည်းခုံဘုရားရင်ပြင် မိုးရေဝပ်နေသည့်နေရာတွင်လည်း မြေအနိမ့်ဆုံးနေရာ ၁၀ လက်မခန့်နှင့် အမြင့်ဆုံးနေရာ ၃ လက်မခန့်ရှိပြီး ရေစုပ်စက် လေးလုံးဖြင့် မိုးရေများ စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေဝပ်နေသော ဘုရားများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးစိုး၊ ခရိုင်/မြို့နယ်မီးသတ်များ၊ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် ဘုရားဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုပေါင်း၍ ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်လျှက်ရှိရာ ညနေ ၃ နာရီတွင် မိုးရေစုပ်ထုတ်ခြင်းပြီးစီးခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့ အနော်ရထာလမ်းဘေး ဝဲယာရေနုတ်မြောင်းများ တူးဖော်ထားခြင်း၊ ဝက်ကြီးအင်းချောင်းအား ပြန်လည်တူးဖော်ထားခြင်းတို့ကြောင့် ရေစီးရေလာကောင်းမွန်၍ ညောင်ဦးမြို့အတွင်းရှိ ကားလမ်းမများပေါ်တွင် ရေဝပ်ခြင်းမရှိပဲ ရေစီးလမ်းကြောင်းများအတိုင်း စီးဆင်းလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)