တောင်ငူခရိုင်နှင့် မြို့နယ်များမြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူခရိုင်နှင့် မြို့နယ်များမြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်နှင့်မြို့နယ်များမြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ပဲခူးတိုင်းဒေသကြီးမြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက တောင်ငူခရိုင်အား မြေအသုံးချမှုစီမံကိန်းရေးဆွဲနိုင်ရေး Pilot Project အဖြစ် ရွေးချယ်ထားသောကြောင့် အမျိုးသားမြေအသုံးချမှုမူဝါဒအား ပြန်လည်လေ့လာရန်လိုအပ်ကြောင်း၊ မြေနှင့်ပတ်သက်၍ စီမံခန့်ခွဲရာတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် မည်သည့်အချက်များနှင့် စီမံခန့်ခွဲရမည်ကို ရေးဆွဲရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်လုံလောက်ရေး၊ အနာဂတ်တွင် လူဦးရေးတိုးတက်များပြားလာပြီး ကျေးလက်မှမြို့ပြများဖြစ်လာပါက လမ်းတံတားများ ဆက်သွယ်ကောင်းမွန်ရေး၊ မြို့ပြနှင့်လူမှုပတ်ဝန်းကျင်အေးချမ်းသာယာရေးအတွက် အများပြည်သူလူထုအနားယူရန် ဥယျာဥ်ပန်းခြံများ ထည့်သွင်းရေး၊ အသေးစားစက်မှုဇုန်များ အကောင်အထည်ဖော်ရေး၊ ပဲခူးရိုးမကြီးအမြဲစိမ်းလန်းစိုပြေရေးနှင့် ယဥ်ကျေးမှုအမွေအနှစ်များ ပျောက်ပျက်မသွားရေးအတွက် မြေအသုံးချမှုများကို အနာဂတ် Plan အနေဖြင့် မှန်ကန်ပြည့်စုံသည့်မူဝါဒ၊ ခိုင်မာသည့်ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိသည့် မြေစီမံအုပ်ချုပ်ရေးစနစ်များ ချမှတ်ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တောင်ငူခရိုင်နှင့်မြို့နယ်များမြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဝင်များက မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဇုန်၊ ကာကွယ်ထားသောနယ်မြေဇုန် (သို့မဟုတ်) အမျိုးသားကာကွယ်ရေးနယ်မြေဇုန်၊ ကူးသန်းရောင်းဝယ်ရေးဇုန်၊ စက်မှုလက်မှုဇုန် (သို့မဟုတ်) သတ္တုတွင်းမြေဇုန်၊ စားကျက်မြေဇုန်များ သတ်မှတ်ပြီး မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဥ်များတွင် အတည်ပြုထားသော အချိန်နှင့်တပြေးညီဖြစ်သည့် သတင်းအချက်အလက်များကို အခြေခံကာ  ဒေသဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊  စားနပ်ရိက္ခာဖူလုံရေးနှင့် အခြားလိုအပ်ချက်များ ပြည့်မီစေရေးတို့အတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တောင်ငူခရိုင်နှင့် မြို့နယ်မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်တို့မှ ကော်မတီဝင်များက Zoom applicationဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)