MNP ၊ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက ညောင်ရွှေမြို့ ရတနာမာရ်အောင်ဘုရား အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်တို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို စတင် ဖွင့်လှစ်ကြပြီး ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဦးပညာဝံသ အမှူးပြုသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ဩဝါဒကထာများ နာယူတော်မူကြသည်။
ဆက်လက်ပြီး အစည်းအဝေး ဒုတိယပိုင်းကိုပြုလုပ်ရာ ပွဲတော်ကျင်းရေး နာယကများဖြစ်ကြသည့် ဦးဘုန်းကြွယ်၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးတို့က အမှာစကား အသီးသီးပြောကြားပြီး ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ အသီးသီးဖွဲ့စည်းတာဝန်ပေးအပ်မှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment