MNP ၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်/ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများအတွင်း သစ်တောဖုံးလွှမ်းမှု ပိုမိုအားကောင်းလာစေရန်၊ ဆည်/ရေလှောင်တမံများ ရေရှည်တည်တံစေရန်နှင့် ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ သိရှိစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ စက်တင်ဘာ ၉ ရက်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရီမြို့နယ်ရှိ ဖောင်းလောင်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာအတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီး သာယာလှပစေရုံ သာမက သက်ရှိများကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ ရာသီဥတုမျှတ ကောင်းမွန်စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ သစ်တော ပြုန်းတီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့်အတူ ဂေဟစနစ်များ ယိုယွင်းပျက်စီးလာပြီး ဆည်/ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများရှိ ရေဦးရေထွက်အရင်းအမြစ်များ ခမ်းခြောက်လာခြင်း၊ စိမ့်စမ်းရေများ လျော့နည်းလာပြီး ဆည်/ရေလှောင်တမံများအတွင်းသို့ နှစ်စဉ်ရေဝင်ရောက်မှု လျော့နည်းလျက်ရှိကြောင်း၊ သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုးထိန်းသိမ်းသလို တစ်ဖက်မှလည်း သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ သစ်ပင် သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် မန်ဂျန်ရှားပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်တို့က သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မန်ဂျန်ရှား၊ ကုက္ကိုလ်၊ မယ်ဇလီစသည့် သစ်မျိုးသုံးမျိုး၊ စုစုပေါင်းအပင် (၁၀၀၀) ကို စိုက်ပျိုးကြရာ စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သဲဖြူရေလှောင်တမံ ရေဝေရေလဲ ဧရိယာများအတွင်း၌ မန်ဂျန်ရှား၊ ကုက္ကိုလ်၊ မယ်ဇလီစသည့် သစ်မျိုး သုံးမျိုး၊ စုစုပေါင်းအပင် (၄၀၀) နှင့် ချောင်းမငယ်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာများအတွင်း၌ မန်ဂျန်ရှား၊ ကုက္ကိုလ်၊ မယ်ဇလီ စသည့် သစ်မျိုးသုံးမျိုး၊ စုစုပေါင်းအပင် (၁၀၀၀) တို့ကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဖောင်းလောင်ရေလောင်တမံသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅) မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဖောင်းလောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံမှစိုက်ပျိုးရေးပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးကို လေလွင့်မှုမရှိစေရေးနှင့် စိုက်ပျိုးဧကပိုမိုစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တမံရေဝေရေလဲဧရိယာများတွင် စိမ်းစို၊ ကြီးမြန်သစ်ပင်များ စိုက်ပျိုးရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့မှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၁၆) ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့သွားရောက် ကြည့်ရှုအားပေးရာ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံ တာဝန်ခံ ဒေါက်တာ နှင်းဝတ်ရည်က ပညာပေးရေးနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လက်ရှိဆောင်ရွက်နေသည့် နို့စားနွားမျိုးများ ဖြန့်ဝေမှုများကိုလည်းကောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆင့်မြင့်မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ အဆင့်မြင့်မွေးမြူရေးစနစ်ဖြင့် မွေးမြူနိုင်ရေး၊ မွေးမြူရေးကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုမလုံလောက်မှုကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးနိုင်ရေး၊ ရောဂါကြောင့် ဆုံးရှုံးမှုမရှိစေရေး၊ ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်ကို အပြည့်အဝလိုက်နာကျင့်သုံးလာစေရေး၊ ထုတ်ကုန်အရည်အသွေးမီစေရေး၊ အဆင့်အတန်းမီစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် မြင်စေရေးအတွက် နည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေးနှင့် တိရစ္ဆာန်အစားအစာများ လုံလောက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နို့စားနွားမွေးမြူရေးခြံအတွင်း တိရစ္ဆာန်အစားအစာအဖြစ် ပြောင်းချဉ်ဖတ်ပြုလုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ငလိုက်ရေလောင်တမံသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ငလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံမှ စိုက်ပျိုးရေးပေးဝေနေမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က လက်ရှိစိုက်ပျိုးရေးဆောင်ရွက်နေမှုနှင့် နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးမည့်အခြေအနေများကိုလည်းကောင်းရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးကို လေလွင့်မှု မရှိစေရေးနှင့် စိုက်ပျိုးဧကပိုမိုစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တမံရေဝေရေလဲဧရိယာများတွင် စိမ်းစို၊ ကြီးမြန်သစ်ပင်များ စိုက်ပျိုးရန် လိုအပ်ကြောင်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ဦးကျော်ကျော်၏ “အဂ္ဂဂေဟာ” ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် မြန်မာမှုပန်းပုနှင့် နိဗ္ဗာန်ကုန်လုပ်ငန်းသို့ရောက်ရှိရာ ပိုင်ရှင်ဦးကျော်ကျော်က လက်ရှိကျွန်းနက် ဗုဒ္ဓရုပ်ပွားတော် မြန်မာမှု ပန်းပုလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရောင်းချနေမှုအခြေအနေများကို ရှင်လင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော် လက်တွေ့ထုဆစ်နေမှုကို ကြည့်ရှုအားပေးပြီး အများပြည်သူများလာရောက် လေ့လာနိုင်အောင်ရေးကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment