ကိုက်ညီသည့်အုပ်ချုပ်ပုံစနစ်နှင့်အတူ လူ၏စေတနာကသာ ပို၍အရေးကြီးပါသည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကိုက်ညီသည့်အုပ်ချုပ်ပုံစနစ်နှင့်အတူ လူ၏စေတနာကသာ ပို၍အရေးကြီးပါသည်

301789557_866079801043911_6634930360817789173_n_0_0


မြင့်မြတ်


စနစ်ဆိုတာ လူတွေက လုပ်တာ၊ ဖန်တီးတာ၊ လူတွေကြောင့် စနစ်ဖြစ်လာတာ၊ လူတွေပိုကောင်းဖို့ စနစ်သစ်တွေပြဋ္ဌာန်းရတာ၊ ဒါပေမဲ့ လူတွေပြုလုပ်ဖန်တီးထားတဲ့စနစ်က လူတွေကို ပိုကောင်းအောင်၊ ပိုတိုးတက်အောင်ပြန်မလုပ်ပေးနိုင်တဲ့အခါ လူနဲ့စနစ်ကသဟဇာတမဖြစ်တော့ဘဲ ဒီလူတွေကပဲ ဒီစနစ်ကို တိုက်ထုတ်လိုက်ကြပြန်ရော . . . ဖြစ်ပုံက။


အာဏာသိမ်းတပ်မတော်ကို မကန့်ကွက် ထောက်ခံခဲ့ကြတဲ့ပြည်သူတွေ


တပ်မတော်က အာဏာသိမ်းလို့ အာဏာသိမ်းတာကို ကန့်ကွက်ရမယ့်အစား လူတွေလမ်းပေါ်ထွက်၊အောင်ပွဲခံ၊ အာဏာသိမ်းတာကို ထောက်ခံ၊ အာဏာသိမ်းစစ်သားတွေကို လူထုကပွေ့ဖက်ကြတဲ့ မြင်ကွင်းတွေ ခုတလော မကြာမကြာ တွေ့လာနေရတယ်။ လွန်ခဲ့တဲ့လက နိုင်ဂျာမှာ စစ်ဘက်ကအာဏာသိမ်းပြီးတော့ နောက်တစ်နိုင်ငံမှာ အလားတူဖြစ်စဉ်တစ်ခုက ဂါဘွန်နိုင်ငံမှာပါ။


ထိုနိုင်ငံရွေးကောက်ပွဲမှာ ပြန်အနိုင်ရခဲ့တဲ့ သမ္မတအလီဘွန်ဂါအွန်ဒင်ဘာကို “မဲမသမာမှု ကျူးလွန်တယ်၊ ရွေးကောက်ပွဲဟာ မူမမှန်မှုတွေနဲ့ လွတ်လပ်ပြီး တရားမျှတမှုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိ...” စတဲ့အချက်ကို အတိုက်အခံတွေက စွပ်စွဲရာကနေ တပ်ကအာဏာသိမ်းလိုက်ခြင်းပဲဖြစ်ပါတယ်။ အတိုက်အခံတွေနဲ့တစ်သားတည်း တပ်မတော်ကရပ်တည်ခဲ့ခြင်းပါပဲ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ့်အစား နိုင်ငံခြားသတင်းဌာနတွေကို ပိတ်ပင်ခြင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခြင်း၊ နိုင်ငံတကာလေ့လာသူတွေ လေ့လာခွင့်မရခြင်း စတဲ့အားနည်းချက်တွေကို အာဏာသိမ်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဘရိုက်စ်ကလို တေးအိုလီဂွီနျူမာက ထောက်ပြခဲ့ပြီး သူ့ရဲ့ဖော်ပြချက်ဟာ အတိုက်အခံတွေရဲ့ ရပ်တည်ချက်အတိုင်းကို ထင်ဟပ်စေခဲ့ပါတယ်။ အာဏာသိမ်းခြင်း လက္ခဏာတွေနဲ့ပြည့်စုံစွာ ရွေးကောက်ပွဲရလဒ်တွေ ဖျက်သိမ်း၊ ပါလီမန်နဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း အားလုံးဖျက်သိမ်း၊ နယ်စပ်တွေပိတ်စတာတွေ ပြုလုပ်ခဲ့ပါတယ်။


အတိတ်ကအစဉ်အလာပဋိပက္ခတွေနဲ့ ဝေးစွာသော အကြောင်းတရားများ


မြန်မာနိုင်ငံဧရိယာရဲ့ ထက်ဝက်နီးပါးလောက်ရှိပြီး ခရစ်ယာန် ၇၅ ရာခိုင်နှုန်းခန့်ရှိတဲ့ ဂါဘွန်ဟာ အာဖရိကတိုက်အလယ် အနောက်ပိုင်းက ဆင်းရဲတဲ့ ပြည်သူအများစုနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေက ၂ ဒသမ ၃ သန်းသာရှိပြီး မြို့တော်က လစ်ဗရီဗယ်လီပါ။ ဘုရင့်နိုင်ငံတော်ဖြစ်ခဲ့ဖူးပြီး ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်ကိုလိုနီ လက်အောက်ခံဘဝကနေ လွတ်မြောက်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုနှစ်ကြိမ်ဖြစ်ခဲ့အပြီး နိုင်ငံရေး၊ စီးပွားရေးဖြေလျှော့မှုတွေလုပ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်၊၊


အာဖရိကတိုက်က ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံမှာ စာတတ်မြောက်မှုမြင့်မားပြီး တစ်ဦးချင်း GDP မြင့်တယ်ဆိုကြပေမယ့် ပြည်သူအများစုကတော့ နိုင်ငံချမ်းသာမှုနဲ့နှိုင်းယှဉ်ရင် ဆင်းရဲကြပါတယ်။ ရွေးကောက်ပွဲနဲ့ မဲလိမ်မဲခိုးပြဿနာ၊ ရွေးကောက်ပွဲတိုင်းမှာ သပိတ်မှောက်မှု၊ ရွေးကောက်ပွဲအပြီး ဖြစ်ရိုးဖြစ်စဉ် ရုန်းရင်းဆန်ခတ်မှုတွေ၊ အတိုက်အခံပါတီတွေကိုထောက်ခံတဲ့ လမ်းပေါ်ထွက်၊ မီးရှို့ဆန္ဒပြ၊ အဓိကရုဏ်းတွေဆိုတာ ဂါဘွန်နိုင်ငံရေးမှာ အထူးအဆန်းမဟုတ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်မှာ တပ်က အာဏာသိမ်းဖို့ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ထိုစဉ်က သမ္မတက ယခုအချိန်မှာ သမ္မတထပ်ဖြစ်ဖို့ ကြိုးစားနေဆဲ သမ္မတအလီဘွန်ဂါတစ်ဦးတည်းပါပဲ။ အဲဒီ အချိန်အဲဒီကာလက သမ္မတဘက်က စစ်ဘက်အာဏာသိမ်းမှုကို ဖြိုခွင်းနိုင်ခဲ့ပေမယ့် ယခုသူ့ရဲ့တတိယမြောက် သမ္မတသက်တမ်းအတွက် ကြိုးစား ရာမှာတော့ အတိတ်ကရခဲ့တဲ့အခွင့်အရေးမျိုးကို ဂါဘွန်တပ်မတော်ကရော ပြည်သူတွေဘက်ကပါ လက်ရှိအခြေအနေတွေအရ ပေးနိုင်မယ့်အခြေအနေမှာ မရှိတော့ပါဘူး။


ရာစုနှစ်ဝက်ဒီမိုကရေစီအာဏာရှင်စနစ်ကသာ အရင်းခံ


ဂါဘွန်မှာ ယခုဖြစ်တဲ့ပြဿနာရဲ့အရင်းခံကဘာလဲ။ တပ်မတော်ကအာဏာသိမ်းအပြီးမှာ ပြည်သူတွေ ဘာကြောင့် ပျော်ပျော်ရွှင်ရွင်နဲ့ လမ်းတွေပေါ်ထွက်လာကြသလဲ။ ရွေးကောက်ပွဲ တိုင်းမှာ မဲမသမာမှုတွေ ရှိခဲ့ဖူးတယ်၊ မဲရလဒ်ထွက်တိုင်းလည်း အတိုက်အခံဘက်က ဆန္ဒပြမှုတွေဖြစ်ခဲ့တယ်၊ သို့ပေမဲ့ အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်၊ ပြဿနာတိုင်းကို ဖြေရှင်းနိုင်ခဲ့ကြဖူးတယ်ဆိုပေမယ့် ဂါဘွန်ပြဿနာက ရေရှည်နိုင်ငံရေး ပဋိပက္ခတစ်ခုသာဖြစ်ပါတယ်။ အာဏာကိုမိသားစု တစ်ခုတည်းက စွဲကိုင်ထားတဲ့ပြဿနာ၊ ဘွန်ဂါမိသားစုတစ်စုတည်းက နိုင်ငံကို ၅၅ နှစ်ကြာအောင် စိုးပိုင်အုပ်ချုပ်ခဲ့ကြတဲ့ပြဿနာက အရင်းခံပါ။


ဖခင်ဘွန်ဂိုအွန်ဒင်ဘာက ၁၉၇၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သက်တမ်းခုနစ်ကြိမ်၊ သူ့သား အလီဘွန်ဂါကတော့ ၂၀၀၉ ခုနှစ်ကနေ ယခုအာဏာသိမ်းခံရသည်အထိ သက်တမ်းနှစ်ကြိမ်၊ ရာစုနှစ်ဝက် ခန့်အထိ ဆွေမျိုးကောင်းစားရေးဝါဒနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့သဘောပါ။ ဖခင် လက်ထက်ရော သူ့သားလက်ထက်မှာပါ နိုင်ငံရေးပြဿနာတွေရှိခဲ့ကြပေမယ့် အာဏာကိုတစ်ဦးတည်း၊ တစ်မိသားစုတည်းက ချုပ်ကိုင်ထား ခြင်းဟာ ပြဿနာရဲ့ အခြေခံအကြောင်းတရားတွေထဲက တစ်ခုဖြစ်နေပါတယ်။


နိုင်ငံက ပြင်သစ်ရဲ့ဩဇာခံဘဝနဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ရွေးကောက်ပွဲနဲ့သွားတဲ့ ဒီမိုကရေစီဆိုပေမယ့် တစ်ဦးတည်း၊ တစ်ပါတီတည်းရဲ့ ချုပ်ကိုင်မှုအောက်မှာ အာဏာရှင်ဒီမိုကရေစီဖြစ်ခဲ့ခြင်း၊ ရပြီးသားအာဏာကို လက်လွှတ်လိုက်ရမှာကြောက်တော့ အာဏာကိုလက်တစ်လုံးခြား အလွဲသုံးစားလုပ်၊ ရွေးကောက်ပွဲမှာ မိမိအနိုင်ရစေမယ့် အားသာချက်တွေဖန်တီး၊ မသမာတဲ့မဲအရေအတွက်တွေကြောင့်သာ ယခုလိုတပ်က အာဏာသိမ်းခံရတဲ့အထိ ဖြစ်ခဲ့ရခြင်းလို့ ဆိုနိုင်ပါတယ်။


ပြည်ပစွက်ဖက်မှုတွေနဲ့အတူ မညီမျှမှုများခြင်းသည်လည်း အကြောင်းတရားတစ်ခု


အာဏာရပါတီဟာ အတိုက်အခံပါတီတွေနဲ့ ညှိနှိုင်းပေါင်းစပ်နိုင်စွမ်းမရှိခဲ့သလို တပ်မတော်နဲ့လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟန်တူပါတယ်။ ယခင်ကာလတွေကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ တပ်ဘက်က အာဏာသိမ်းဖို့ ကြိုးစားမှု မကြာခဏဖြစ်ခဲ့ရပြီး အာဏာသိမ်းမှုအကြိမ်တိုင်းမှာ မအောင်မမြင်ဖြစ်ခဲ့ရခြင်းက ပြင်သစ်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့်နဲ့ သမ္မတဘက်က ထောက်ခံကူညီမှုတွေကြောင့်ပါပဲ။


အုပ်ချုပ်သူအလွှာ၊ အတိုက်အခံနဲ့ တပ်မတော်ကြားမှာ ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းက နိုင်ငံစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ နမူနာတစ်ခုဖြစ်ရသလို ယခုလို အာဏာသိမ်းတပ်မတော်ကို ထောက်ခံနေတဲ့ အောင်ပွဲခံ မြင်ကွင်းတွေရဲ့ အကြောင်းတရားများစွာရှိတာကို မြင်အောင် ကြည့်ဖို့လိုပါမယ်။ ဆိုခဲ့သလို ဒီမိုကရေစီအာဏာရှင်ပုံစံနဲ့အုပ်ချုပ်ခဲ့သူ ဘွန်ဂါမျိုးဆက်ကို နာကြည်းနေတဲ့ ဂါဘွန်ပြည်သူတွေကိုယ်တိုင်က မကြိုက်တော့ဘူးဆိုတာ ထင်ရှားပါတယ်။ ဘယ်ပြဿနာတိုင်းမှာမဆို အကြောင်းတရားတစ်ခုတည်းက ဖြစ်တည်လာတာမဟုတ်ပါဘူး။ အရင်းခံအကြောင်းတရား Root cause ကို ရှာနိုင်ရမှာဖြစ်သလို ပြဿနာဖြစ်ရခြင်းမှာ လွှမ်းမိုးနေတဲ့ အခြားသောအကြောင်းအချက်များစွာ (multifactorals) တွေနဲ့ လတ်တလောအကြောင်းတရား (Immediate cause) တစ်ခုမဟုတ်တစ်ခုလည်း ရှိနေတတ်ပါတယ်။


ဂါဘွန်နိုင်ငံရေးပြဿနာက တစ်ခုတည်းမကပါဘူး။ ဘွန်ဂါမျိုးဆက်ဟာ အာဏာရှင်ဒီမိုကရေစီ အချိုး ချိုးခဲ့တဲ့အပြင် ကင်ဆာသဖွယ်အမြစ်တွယ်နေတဲ့ အဂတိနဲ့အကျင့်ပျက်ခြစား၊ အာဏာအလွဲ သုံးစားမှုများစွာကို ကျူးလွန်ခဲ့ကြပါတယ်။ ရေနံသယံဇာတကြွယ်ဝတဲ့ ဂါဘွန်မှာ သမ္မတဘွန်ဂါမိသားစုက ကျိကျိတက် ချမ်းသာကြွယ်ဝနေကြပေမယ့် မညီမျှမှုတွေအကြား  ၁၄ နှစ်ကြာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေရဲ့ အနေအထားဟာဖြင့်မဖြစ်သင့်တဲ့ အနေအထားတစ်ခုပါ။ တိုင်းပြည်ရဲ့သယံဇာတတွေကို ကိုယ့်ပြည်သူတွေအတွက် သုံးတာထက် ပြင်သစ်လို နိုင်ငံတွေနဲ့ပေါင်းပြီး မောင်ပိုင်စီးနေကြဟန်တူပါတယ်၊၊ တိုင်းပြည်မှာ ပြည်သူက ဆင်းရဲနေတဲ့ကြားထဲ နိုင်ငံရေးသမားတွေကလည်း မညီညွတ်၊ အုပ်ချုပ်သူ လူတန်းစားကလည်း စွမ်းဆောင်ရည်မရှိဆိုတော့ . . . ဒီနိုင်ငံဟာ ဖရိုဖရဲအနေအထားတစ်ခုဆီ ဦးတည်နေတယ်ဆိုတဲ့ ဂါဘွန်တပ်မတော်ရဲ့ စိုးရိမ်သောကကိုသာ ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုအထိ နားလည်ပေးလိုက်ရအောင်ပါ။


ခိုင်မာညီညွတ်သော Institution တစ်ခုသာလျှင် အားကိုးရာအမှန်


ဂါဘွန်မှာ စစ်ဘက်က ယခုလို တည်တည်ငြိမ်ငြိမ်နဲ့ အာဏာသိမ်းမှုအပေါ် ဂါဘွန်ပြည်သူတွေ က တစ်ခဲနက် ထောက်ခံကြပေမယ့် မထောက်ခံကြတဲ့ ပြည်ပအင်အားစုတွေလည်း ရှိစမြဲပါပဲ။ ထုံးစံအတိုင်း ဂါဘွန်အုပ်ချုပ်သူ အဆက်ဆက်နဲ့ အနီးကပ်ဆုံးဆက်ဆံရေးရှိတဲ့ ပြင်သစ်အပါအဝင် အမေရိကန်နဲ့ အနောက်အုပ်စုဝင်တွေ၊ အာဖရိက ယူနီယံစတဲ့ အဖွဲ့အစည်းတွေက အာဏာသိမ်းစစ်ဘက်ကို အသိအမှတ်မပြုကြပါဘူး။ အလွန်အမင်းစိုးရိမ်ကြောင်း ပြသမှုတွေကတော့ ထုံးစံပါပဲ။ အနောက်အုပ်စုနဲ့ အာဖရိက ယူနီယံရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုတော့ ရှောင်လွှဲလို့ရမှာ မဟုတ်တဲ့အပြင် လိုအပ်ရင် ကုလသမဂ္ဂငြိမ်းချမ်းရေးဝတ်စုံတွေဝတ်ပြီး ပြင်သစ်နဲ့အမေရိကန်တပ်တွေ ဂါဘွန်နယ်မြေထဲ ဝင်ရောက်လာနိုင်ပါသေးတယ်။ ပြင်ပဒီမိုကရေစီ ဘက်တော်သားတွေက မထောက်ခံပေမယ့် ဂါဘွန်တပ်မတော်ကတော့ သူ့ပြည်သူ၊ သူ့ပြည်တွင်းအင်အား၊ သူ့ပြည်ပမိတ်ဆွေတွေနဲ့ ဆက်လက်ချီတက်မယ့်သဘောရှိနေပြီး အာဖရိကရဲ့ ပထဝီနိုင်ငံရေးမှာပါ တိုးတက်ပြောင်းလဲမှု ဖြစ်လာနိုင်ခြေများစွာရှိနေတာကို အကဲခတ်မိပါတယ်။


အမှန်တော့ ယခုဂါဘွန်အာဏာသိမ်းဖြစ်စဉ်နဲ့ဆိုရင် အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ သုံးနှစ်အတွင်း ရှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ အာဏာသိမ်းမှုတွေအပေါ်သူမှန်တယ်၊ ကိုယ်မှန်တယ် အငြင်းပွားနေတာထက် ဘာကြောင့်ဒီလိုတွေဖြစ်ရသလဲဆိုတဲ့ အကြောင်းတရားကို မှန်မှန်ကန်ကန် ရှာဖွေနိုင်ဖို့ပဲလိုပါတယ်။ အာဏာသိမ်းမှုလုပ်ရပ်တိုင်းမှာ ပြည်သူတွေက တပ်မတော်ကို အနည်းနဲ့အများထောက်ခံကြတဲ့အတွက် တကယ့်အမှန်တရားက  ဒီမိုကရေစီရဲ့ ချို့ယွင်းအားနည်းချက်တွေကိုသာရှာဖွေပြီး ယထာဘူတကျကျ သုံးသပ်အဖြေရှာကြဖို့ပါပဲ။ ဒီမိုကရေစီစံနှုန်းတွေ ဘယ်လိုကောင်းကောင်း၊ လူတွေရဲ့လောဘ၊ ဒေါသ၊ အတ္တနဲ့ယှဉ်တဲ့ အသိဉာဏ်မရင့်ကျက်မှုမျိုးနဲ့တော့ မလိုက်ဖက်ပါဘူး။


ဒီမိုကရေစီဆိုပေမယ့် နိုင်ငံရေးသမားတွေညံ့ရင် စနစ်လည်းပျက်၊ တိုင်းပြည်လည်းပျက်တာပါပဲ၊၊ အချိန်တန်ရင် တပ်မတော်ဆိုတဲ့ ခိုင်မာညီညွတ်တဲ့ Institution တစ်ခုသာလျှင် အားကိုးရာဖြစ်ပြီး တိုင်းပြည်ကို ဝင်ထိန်းပေးရတာဖြစ်ပါတယ်၊၊ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ရင် တပ်မတော်ကဝင်ပါရတဲ့ အစဉ်အလာတစ်ခုဟာ အာဖရိကမှာစတင်နေပြီး ကမ္ဘာ့နေရာအချို့ဆီ သို့တိုင် အစပျိုးနေပြီလား၊ နမူနာယူသင်ခန်းစာယူစရာတွေ ထင်ထင်ရှားရှားတွေ့နေပါလျက်နဲ့ ရယူနိုင်စွမ်းမရှိကြရင်တော့ ကမ္ဘာကြီးရဲ့ကံကြမ္မာ အထူးသဖြင့် ဒီမိုကရေစီအယောင်ပြ အာဏာရှင်တွေ အတွက်တော့ ယခုလိုမကောင်းတဲ့ ဇာတ်သိမ်းခန်းတွေ ထပ်မံမြင်တွေ့ရနိုင်ပါတယ်။


ဂါဘွန်တပ်မတော်လက်အောက်မှာ အသွင်ကူးပြောင်းရေးကာလတစ်ရပ်ဆိုတာ တိုချင်လည်းတိုနိုင်တယ်၊ ရှည်ချင်လည်း ရှည်သွားနိုင်ပါတယ်၊ ဒါက ဂါဘွန်ပြည်သူတွေရဲ့ ကံကြမ္မာပါပဲ။ ဘယ်အရာမှာမဆို အားနည်းချက်ကနေ အားသာချက်ကို ပြောင်းနိုင်ခြင်းကသာ တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းကောင်းဖြစ်မှာပါ၊ အာဖရိက ဒေသတွင်း ဖြစ်စဉ်တွေအရ မကောင်းတဲ့ အစိုးရ၊ ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေနဲ့ထပ်တူ ဒေသသယံဇာတတွေကို ကုပ်သွေးစုပ်အမြတ်ထုတ်ယူနေတဲ့ ပြည်ပကိုလိုနီလက်သစ်တွေကြောင့် အနာဂတ် ဒီမိုကရေစီစနစ်အပေါ် လူတွေရဲ့ အားကိုးယုံကြည်မှု တဖြည်းဖြည်း လျော့ပါးလာနိုင်စရာသာရှိပါကြောင်းနဲ့ လက်ရှိကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့အခင်း အကျင်းတွေအရ မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့အတူ အုပ်ချုပ်တဲ့သူတွေရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမေတ္တာနဲ့ ပညာဉာဏ်ပါတဲ့ ဦးဆောင်မှုကသာ အရေးကြီးနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။


(ကူးယူဖော်ပြပါသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages