တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


MNP ၊ စက်တင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့်  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ် မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာလျင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌ မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ယင်းကို အခြေခံ၍ တွက်ချက်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းကို တွက်ချက်၍ ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှားမှုများစွာဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် လူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင် သေးခြင်းဖြစ်ကြောင်း၊ 


ထို့ကြောင့် မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး  မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာလျင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန် ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ် ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာ စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီ ကိုတောင်းဆိုသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာဒေသများသို့ ရောက်ရှိ ပါက လူဦးရေစာရင်းကောက်ယူမှုများ ဆောလျင်စွာပြုစုပြီးစီးနိုင်ရေးအတွက် ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ စီးပွားရေး မြှင့်တင်မှုကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)