နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု






MNP ၊  စက်တင်ဘာ  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့နေ့လယ်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက သံတွဲမြို့နယ်သည်  စိုက်ပျိုးရေး၊ မွေးမြူရေးအားကောင်းသည့် မြို့နယ်ဖြစ်သည့် အပြင် ကမ္ဘာတွင်ထင်ရှား ကျော်ကြားသော ငပလီကမ်းခြေရှိခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများရှိသည့်အတွက် စီးပွားရေးအလားအလာကောင်းသော မြို့နယ်တစ်မြို့နယ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းမှသည် နည်းစနစ်မှန်စွာဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ် နိုင် အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်အဖြစ် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာအတတ်ပညာများနှင့် ပြည့်ဝရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသားပြည်သူများအထိ စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေးကို နိုင်ငံတော်ကဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံ၏စားရေရိက္ခာဖူလုံ ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေအားလုံးကို အပြည့်အဝအသုံးချရန် လိုအပ်မည်ဖြစ်ပြီး တစ်သီးစားစိုက်ပျိုးရုံမကဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSME စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပြီး ဒေသထွက်ကုန်ကြမ်းများကို အခြေခံကာ ပြည်တွင်းလိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို နည်းစနစ်တကျဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးတင်မောင်ဌေးက ကဏန်းပျော့များ၊ ငါး၊ ပုစွန်များ၊ ရေရူး၊ ကဏန်းများမွေးမြူထုတ်လုပ်နေမှု၊ ကဏန်းပျော့များအား အအေးခန်းစက်ရုံတွင် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်း ချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် လိုအပ်သည်များအား မှာကြားပြီး အအေးခန်းစက်ရုံအတွင် ကဏန်းပျော့များ၊ ငါး၊ ပုစွန်များအား ကုန်ချောများ ပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ထုတ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် ဂေါ့ရပ်ကွက်ရှိ မြပတ္တမြားဥယာဉ်(ပေါင်ဝန်တံတား)သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိ သည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)