ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ်တို့တွင် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ်တို့တွင် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားများကျင်းပ






MNP ၊  စက်တင်ဘာ ၅

ဘားအံပညာရေးဒီဂရီကောလိပ်ရှိ လူငယ်ဆရာ၊ဆရာမလောင်းများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးသည်ထက်ပိုမိုဖွံ့ဖြိုးပြီး လူငယ်များ၏ စိတ်ဓာတ်ခွန်အားများရရှိကြရန်နှင့် ပျော်ရွှင်တက်ကြွစွာပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကြစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည်လူငယ်များ၏ အနာဂတ်ဖြစ်သကဲ့သို့ လူငယ်များသည်လည်း တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် လူငယ်များအားလုံး ဗလငါးတန်နှင့် ပြည့်စုံနေရန်လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်သီတင်းပတ်ပွဲတွင် လူငယ်များဖြစ်ကြသည့် ဆရာ၊ဆရာမလေးများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အသိပညာပေးဟောပြောပွဲ၊ လူငယ်နှင့်တေးသီချင်း၊ လူငယ်တို့၏ကာယဗလအလှအပများ၊ လူငယ်တို့၏ဖန်တီး တီထွင်ထုတ်လုပ်နိုင်မှုစသည်တို့ကို ဖော်ပြသွားကြမည်ဟုသိရပြီး ဘားအံပညာရေးဒီဂရီကောလိပ်မှ လူငယ်များမိမိဘဝပျိုးထောင်ဖို့ရန်အတွက် အသိပညာဗဟုသုတများရရှိပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပါဝင်ဆင်နွှဲကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမလောင်းများက ဗလငါးတန်ဖွံ့ဖြိုးမှုစွမ်းရည်များ တင်ဆက်မှုအနေဖြင့် ကဗျာလွတ်အက၊ Fitness Dence၊ ရိုးရာယဉ်ကျေးမှု ဖော်ဆောင်ခြင်းအနေဖြင့် ရှမ်းရိုးရာအက၊ လူငယ်အသိပညာပေးခြင်းအနေဖြင့် တို့ချစ်တဲ့တို့နိုင်ငံ တေးသရုပ်ဖော်တို့ဖြင့် တင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးမှု အနုပညာ၊ ကဗျာ၊ စာပေ၊ လက်မှုလုပ်ငန်းငယ်များ စွမ်းရည်ပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ခင်းကျင်းပြသထားသော ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးမှု စွမ်းရည်ပြသမှု သုတ၊ ရသစာပေ၊ ဝတ္ထု၊ ကဗျာ၊ နံရံကပ်စာစောင်များပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်တည်ဆောက်ရေးတွင် မျိုးဆက်သစ် လူငယ်လူရွယ်များသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး မိမိတို့၏ အရည်အသွေးပိုမိုတိုးတက်ရေး၊ ကိုယ်ရည်ကိုယ်သွေးနှင့်တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံတော်အတွက် အသုံးချနိုင်ရေး အမြဲမပြတ်ကြိုးစားနေကြရမည်ဖြစ်ကာ ပညာရည်ပြည့်ဝရုံသာမက ကောင်းမွန်သည့် ကိုယ်ကျင့်တရားများကို ကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ဘားအံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဒေသ၊ မိမိတို့၏နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရေးအတွက် မြင့်မားသည့်အသိဉာဏ်ပညာစွမ်းပကား၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ တီထွင်ဖန်တီးထိုးထွင်း ဆောင်ရွက်လိုသည့်စိတ် စသည့် စိတ်ဓာတ်ကောင်းများကို မွေးမြူပြီးဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက လူငယ်သီတင်းပတ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အင်္ဂလိပ်စာအထူးပြုမှ ဒုတိယနှစ်ကျောင်းသူ မမြဖြူစင်သန့်က ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော Tourism and Green Investment ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥပဒေအထူးပြု ပထမနှစ်ကျောင်းသူ နန်းရွှေဇင်ခိုင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်စဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကာ ကျောင်းသား၊ကျောင်းသူများက ဒို့တက္ကသိုလ်သီချင်း၊ လှယဉ်ကျေးမယ်ကာယအလှ၊ ငြိမ်းချမ်းတဲ့ကရင်ပြည်နယ်သီချင်း၊ ချင်းလူမျိုးသက်သေသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဘားအံတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် သင်ကြားရေးပြက္ခဒိန်၊ အားကစားပြက္ခဒိန်၊ စာပေအနုပညာဆောင်ရွက်မှုပြက္ခဒိန်စသည့် လှုပ်ရှားမှုပြက္ခဒိန်များကို စီစဉ်ရေးဆွဲထားပြီး လူငယ်သီတင်းပတ်တွင် ကာယဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် အကြီးတန်းအေရိုးဗစ်သင်တန်း၊ ဉာဏဗလဖွံ့ဖြိုးရေး လှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်ခင်းကျင်းပြသခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ အရေးနှင့်အပြော စွမ်းရည်ပြသခြင်းများ၊ စာရိတ္ထဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လောကနီတိပါ အကြောင်းအရာများကို အမေးအဖြေပြုလုပ်ပြိုင်ပွဲ၊ ဘောဂဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် MSME အထောက်အကူပြု အလုပ်အကိုင် အခွင့်အလမ်း ပိုစတာပြပွဲများ၊ မိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လူငယ်မိတ်ဆုံစားပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)