နိုင်ငံတော်အကြီးအကဲတွေ က ပြောတယ် - ပြည်ထောင်စု မပြိုကွဲရေး၊
နိုင်ငံတော်အကြီးအကဲတွေ က ပြောတယ် - တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
နိုင်ငံတော်အကြီးအကဲတွေ က ပြောတယ် - အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
နိုင်ငံတော်အကြီးအကဲတွေ က ပြောတယ် - တည်ငြိမ်အေးချမ်းရေး၊
နိုင်ငံတော်အကြီးအကဲတွေ က ပြောတယ် - တရားဥပဒေစိုးမိုးရေး၊
တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အကြီးအကဲများဟာ မူဝါဒချမှတ်သူများပဲ ဖြစ်ပါတယ်။ လက်တွေ့ ဆောင်ရွက်ရသူတွေကတော့ ယန္တရားမှာ တာဝန်ထမ်းဆောင်ကြသူတွေပဲ ဖြစ်ပါတယ်။ အထက် ဖော်ပြပါ အချက်တွေဟာ အစိုးရအဆက်ဆက် ကြွေးကြော်ပြီး အောင်မြင်မှုမရတဲ့ လုပ်ငန်းစဉ်တွေလို့ ပြောရင်လည်း မမှားပါဘူး။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ဥပဒေစိုးမိုးမှု မရှိအောင် အဓိက လုပ်နေတာက ပြည်သူတွေ မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တာဝန်ရှိသူများရဲ့ ပျက်ကွက်မှုကြောင့်သာ များပါတယ်။
ယနေ့တိုင်းပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောရင် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကို တစ်ပိုင်း ပြောရမှာ ဖြစ်သလို ဥပဒေနဲ့အညီ လုပ်ဆောင်ရမယ့် တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှု၊ ပျက်ကွက်မှုတွေကလည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေရန် ဖန်တီးနေခြင်းဖြစ်တယ်လို့ ထောက်ပြပြောဆိုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် အလျှောက် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ဖို့ ပြောတယ်။ နိုင်ငံတော်အကြီးအကဲတွေကလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အကြိမ်ကြိမ်အခါခါ ပြောတယ်။ နိုင်ငံတော်ရဲ့ မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်သလား၊ မဖော်သလား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုက သက်သေပါပဲ။ ကရင်ပြည်နယ်၊ ကယားပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေလို့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်လာတာကို အထူးပြောဆိုဖွယ်ရာ မရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်မှုတွေ ထူပြောလာခြင်းကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပယောဂ မကင်းဘူးလို့ ဆိုချင်ပါတယ်။
ရဲတပ်ဖွဲ့အတွင်းမှာ ဖရဲသီးရှိတယ်၊ နီပိန်း ရှိတယ်။ တပ်တွင်း ဖရဲသီးက ရဲဘော်ရဲဘက်အချင်းချင်း သေကြောင်းကြံတယ်။ NLD ကို ထောက်ခံအားပေးတဲ့ စိတ်နဲ့ CDM လုပ်သွားတဲ့သူက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒုက္ခမပေးနိုင်ဘူး။ သူတို့ရဲ့ ပုဂ္ဂလိက မကျေနပ်ချက်တွေကို ပြည်ဖျက်မီဒီယာတွေကနေ အာသီးယောင်ရုံမျှအပ မတတ်နိုင်ပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲမှာ ရှိနေတဲ့ နီပိန်း(ဖရဲသီး)တွေ က အဆိုးဆုံးအခြေအနေအထိ ဒုက္ခပေးနိုင်တယ်။ ဒုက္ခပေးခဲ့တဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။
တန့်ဆည်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုကို PDF အကြမ်းဖက်သမားတွေက ဝိုင်းထားပြီ၊ ရဲတပ်ဖွဲ့ဝင်လေးက အချိန်မီ သွားရောက်ကယ်တင်ဖို့ တင်ပြတယ်။ နောက်နေ့မှ အလောင်းသွားကောက်လိုက်လို့ အရာရှိက ဆိုတယ်။ မိသားစုဝင် (၄)ဦး မီးလောင်တိုက်သွင်းပြီး အသတ်ခံရတယ်။ အဲဒီလို အကြမ်းဖက်ခွင့် ရတဲ့ အခါကြတော့ နီပိန်း PDF တွေ မဆိုးသွမ်းဘဲ နေပါတော့မလား။
ထို့အတူပါပဲ အရာတော်မြို့နယ်မှာ တပ်တွင်းဖရဲသီးကလည်း နယ်မြေရှင်းလင်းရေးထွက်တော့မယ်ဆိုတာနဲ့ NLD လွှတ်တော်အမတ်ဟောင်း PDF ခေါင်းဆောင်တွေကို သတင်းပို့ပြီး ကြိုရှောင်ခိုင်းတယ်။ နယ်မြေရှင်းလင်းရေးထွက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချောင်းမြောင်းတိုက်ခိုက်ခံရတယ်။ မိုင်းဆွဲခံရတယ်။ နောက်ဆုံးတော့ နယ်မြေရှင်းလင်းရေး လွှတ်လို့တောင် မရတော့တဲ့ အခြေအနေမျိုးဖြစ်လာတယ်။ နီပိန်း PDF တွေ အကြိုက်တွေ့ပြီပေါ့။
ထို့အတူပါပဲ ရေဦး၊ ရွှေဘိုမှာ NLD လွှတ်တော်အမတ်ဟောင်း မြင့်ထွေး နဲ့ သူ့ရဲ့သား က PDF ကို ဦးဆောင်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် ၂၀၀ ထက် မနည်းသတ်ခဲ့ပြီးပြီ။ မြင့်ထွေး အခုထိ အဖမ်းမခံရဘူး။ အခုထိ နှိမ်နင်းမခံရဘူး။ ပျော်ပျော်ကြီး အကြမ်းဖက်ခွင့် ပေးထားသလိုပဲ။ ရေစကြိုမြို့နယ်မှာ ရဲစခန်းအတွင်း ရဲနဲ့ တပ်မတော်သားနဲ့ ပြဿနာဖြစ်တယ်။ ချက်ချင်း ရုပ်သံဖိုင်က ပြည်ဖျက်မီဒီယာဆီရောက်တယ်။ ရဲတပ်ဖွဲ့အတွင်းက ဖရဲသီး (ရဲနီပိန်း)။ တပ်တွင်း ဖရဲသီး(တပ်တွင်းနီပိန်း) ရှိတာကိုတော့ အခြားသော သာဓကတွေနဲ့ ထောက်ထားပြီး ပြောမနေချင်ဘူး။ ကျွန်တော်တို့ ဆွေမျိုးသားချင်း ဦးလေး၊ ဘကြီးတွေ တပ်ထဲမှာ ရှိတယ်။ သူတို့ မိသားစုဝင်တွေဟာ တပ်တွင်းမှာသာ နေပေမယ့် နီပိန်းတွေပဲ။ အဲဒီလို ဟာမျိုးတွေက ဘယ်လောက်တောင်များနေမလဲ။
NLD ဦးဆောင်သူတွေက တိုင်းပြု၊ ပြည်ပြု၊ သာသနာပြုလုပ်နေလို့ NLD ကို ထောက်ခံကြတာဆိုရင်တော့ ရဲနီပိန်းတွေ၊ တပ်တွင်းနီပိန်းတွေ မှန်တယ်လို့ ပြောရမှာပေါ့ဗျာ။ သူတို့ထောက်ခံအားပေးတဲ့ NLD ဦးဆောင်သူတွေက တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားရုံမျှမက ပြည်သူတွေရဲ့ အသက်ကို အရင်းတည်ပြီး စီးပွားရှာနေတဲ့ အခြေအနေမှာတောင် ပိန်းနေတယ်ဆိုတာကတော့ သာမာန်ပြည်သူတွေ ပိန်းတာထက် ပိုဆိုးတာပေါ့။
နီပိန်း PDF တွေကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေမှာ ဘေးလွတ်ရာကို ရောက်သည့်တိုင်အောင် ကိုယ်ဘယ်မှာနေတယ်လို့ မပြောရဲကြဘူး။ အကြောက်တရားတွေ လွှမ်းမိုးသွားပြီ။ ကြောက်စိတ်တွေနဲ့ ရှင်သန်နေကြရပြီ။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ နီပိန်း အကြမ်းဖက်တွေကိုလည်း ကြောက်ရသလို၊ အားကိုး အားထားပြုရမယ့် သူတွေသည်လည်း နီပိန်း အကြမ်းဖက်ဝါဒီများနဲ့မခြား တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ပြီး ကိုယ်ကျိုးရှာလိုမှုကိုသာ ရှေ့တန်းတင်နေတဲ့အပေါ်မှာ ရှင်သန်နေရတဲ့ ဘဝတွေဟာ နောက်လည်းမလုံ၊ ရှေ့လည်းမလုံဖြစ်နေတဲ့ သဘောပါပဲ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ် ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောဆိုပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက နယ်မြေခံတပ်တွေက အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံတိုင်းလည်း တပ်မတော်က တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ရှင်းပြခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေကို ထောက်ရှုကြည့်လိုက်တဲ့အခါ နိုင်ငံတော်အကြီးအကဲတွေလည်း ပြောချင်ရာပြော၊ ငါတို့လည်း ငါတို့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောမျိုးကို အထင်အရှား ပြသနေပါတယ်။ တပ်မတော်အကြီးအကဲများက အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူတာဝန်ထမ်းဆောင်နေရတဲ့ အခြေအနေကို သိရှိနားလည်အောင် မည်မျှပြောဆိုနေစေကာမူ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ပေးအပ်ခြင်း ခံရသူတွေမှာ နယ်မြေဒေသကို အပိုင်းစားရသလို ပဒေသရာဇ်အတွေးမျိုး တွေးနေကြလေရော့သလားလို့ ထင်ရပါတယ်။
နယ်မြေအပိုင်စားရပြီဆိုတာနဲ့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ဘေးချိတ်ထားပြီး ဘယ်လိုလာဘ်လာဘ ရနိုင်မလဲ။ အကြမ်းဖက်သမားဆီက ရရင်လည်း ယူတယ်။ အကြမ်းဖက်သမားကို လွှတ်ပေးတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေကို သိရှိပြီး ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူတွေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်ပြီး အသတ်ခံခဲ့ကြရတယ်။
မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သုံးသပ်ကြည့်ရင် ဘယ်လိုရာထူးတာဝန်မျိုးကို ထမ်းဆောင်နေသူဖြစ်ပါစေ ဘာသာရေးအသိမရှိရင် အကောင်း အဆိုး၊ အကြောင်း အကျိုးကို မဆန်းစစ်ဘူး။ ရာထူးအာဏာကို ခုတုံးလုပ်ပြီး မတော်မတရားလုပ်ဖို့လည်း ဝန်မလေးဘူး။
ယနေ့ တိုင်းပြည်တွင်းမှာ ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်နေတယ်။ ဝိသမလောဘသားတွေ လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာကို အဖြေရှာတွေ့ခဲ့ပါတယ်။ ထို့အတူပဲ အကြမ်းဖက်လုပ်ရပ်တွေ ဘာကြောင့်ဖြစ်ပေါ်နေရသလဲ ဆိုတဲ့ အဖြေကို ရှာကြည့်မယ်ဆိုရင်လည်း ပျက်ယွင်းနေတဲ့ ယန္တရားကြောင်းဖြစ်တယ်ဆိုတာကို အဖြေတွေ့မှာပဲ ဖြစ်ပါတယ်။ ဒီယန္တရားကြီးကို ထိန်းကျောင်းပေးသွားနိုင်မယ်ဆိုရင်ဖြင့် အစိုးရကောင်းဆိုတဲ့ မှတ်ကျောက်အတင်ခံရမှာပဲ ဖြစ်ပါတယ်။ ဒီယန္တရားကို ထိန်းကျောင်းခြင်းမရှိဘဲ ပြည်သူကိုသာ အပြစ်ဖို့နေမယ်ဆိုရင် ပြည်သူနဲ့ ပိုပြီးဝေးကွာတဲ့ အစိုးရမျိုး ဖြစ်သွားပါလိမ့်မယ်။
ဒီဆောင်းပါးကို ရေးနေတဲ့ အချိန်မှာပဲ PDF အကြမ်းဖက်သမားတွေ အားကောင်းမောင်းသန်ဖြစ်နေတဲ့ ကလေးမြို့နယ်ဘက်က ဖုန်းဆက်လာတယ်။ တချို့ရွာသားတွေက တောထွက်ကုန်ကြပြီတဲ့။ တည်ငြိမ်အေးချမ်းမှုကိုလိုလားပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်တွေကို ပူးပေါင်းကာကွယ်ချင်စိတ်လည်း ရှိပါတယ်။ သို့သော် လက်နက်ခဲယမ်း တင်ပြလို့လည်း မရဘူး။ စားနပ်ရိက္ခာ ပြတ်လပ်နေလို့ တင်ပြတော့လည်း အဆင်မပြေဘူး။ အဲဒီတော့ လူတွေလေဗျာ။ မိသားစုရှိတယ်။ မိသားစုတာဝန်တွေလည်း ရှိကြတယ်။ ဒီနည်းလမ်းနဲ့ အဆင်မပြေရင် အဆင်ပြေအောင် လုပ်ကြရတာပဲ။
PDF ထဲ ရောက်ကုန်ကြရတယ်ဆိုရာမှာလည်း PDF အကြမ်းဖက်အန္တရာယ်ကို ခုခံကာကွယ်နိုင်ခြင်း မရှိလို့ နီးရာဓားကို ကြောက်ပြီး PDF ဖြစ်သွားရသူတွေ ရှိသလို၊ PDF နဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ လုပ်ရပ်တွေကို သိမြင်နားလည် လာတဲ့အခါမှာ စိတ်နာပြီး PDF ဖြစ်သွားရသူတွေလည်း ရှိတယ်ဆိုတဲ့ အခြေအနေကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲများက နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည် လို့ ပြောပြီးရင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘယ်သူတွေက ဘယ်လိုလုပ်နေတာလဲ ဆိုတာကိုလည်း အဖြေရှာရမှာ ဖြစ်ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြတယ်၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတယ်ဆိုတာ အတိုင်းအတာ တစ်ခုအထိပါပဲ။ စိတ်ထင်တိုင်း လုပ်ခွင့်ရတယ်ဆိုတာမျိုးက လုပ်ခွင့်ပေးထားလို့သာ ဖြစ်ပါတယ်။ လုပ်ခွင့်မပေးသင့်တော့ပါဘူး။
အစိုးရအဆက်ဆက် အများပြည်သူ နားဝင်ချိုစေမယ့် ဥပဒေစိုးမိုးရေး ဆိုတာကို ပြောခဲ့ပေမယ့် ဥပဒေစိုးမိုးရေး ပျက်ပြားအောင် အဓိက လုပ်ဆောင်နေတာက ပြည်သူမှ မဟုတ်ဘဲ။ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေရဲ့ အလွဲသုံးစားလုပ်မှုတွေကြောင့် ဥပဒေစိုးမိုးရေးက ပျက်ပြားနေခြင်း ဖြစ်တယ်။ ပြည်သူက ဥပဒေကို ချိုးဖောက်ရင် ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် တာဝန်ရှိသူက တိတိကျကျ လုပ်ဆောင်ဖို့ လိုအပ်တယ်မဟုတ်ပါလား။ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက် လုပ်နေတဲ့ တာဝန်ရှိသူတွေကို ဥပဒေစိုးမိုးရေး လုပ်ဆောင်နေသူတွေလို့ ဆိုနိုင်ပါ့မလား။ ဥပဒေစိုးမိုးရေးကို လိုလားတဲ့ ပြည်သူတွေအတွက် အလွန်အန္တရာယ်များတဲ့ ကာလဖြစ်နေပါတယ်။ မသိကျိုးကျွန်ပြုမှု၊ မျက်ကွယ်ပြုပေးထားမှုတွေကြောင့် ပျက်ယွင်းနေတဲ့ ယန္တရားမှာ အကျင့်ပျက် ခြစားမှုတွေ တိုးပွားလာပြီး ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေအုံးမှာပါပဲ။ ယန္တရားကို ထိန်းကျောင်းနိုင်မှသာ တည်ငြိမ်အေးချမ်းမယ်၊ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းမယ်ဆိုတဲ့ အဖြေကို ရှာတွေ့ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment