ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့်မူဆယ်နယ်စပ် စစ်ဆေးရေးဂိတ်များ လှည့်လည်ကြည့်ရှုပြီး ပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ကြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်ထားကြရန်လိုအပ်ကြောင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့်မူဆယ်နယ်စပ် စစ်ဆေးရေးဂိတ်များ လှည့်လည်ကြည့်ရှုပြီး ပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ကြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်ထားကြရန်လိုအပ်ကြောင်း မှာကြား






MNP ၊ စက်တင်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ ရောက်ရှိကြပြီး တရုတ်နိုင်ငံဘက်အခြမ်းရှိ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးဂိတ်ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေလီမြို့တော်ဝန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရွှေလီနယ်စပ်ဂိတ်ဖွင့်လှစ်ခဲ့မှုသမိုင်းကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်မြို့ ရွှေနန်းတော် လူဝင်မှုစစ်ဆေးရေးဂိတ်သို့ ရောက်ရှိကြပြီး ရွှေနန်းတော်ဂိတ်၌ ပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass – BP)နှင့် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass – TBP)တို့ဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်သွားလာနိုင်ရေး စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေနန်းတော်ဂိတ်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မူဆယ်ဒေသတွင်းအခြေအနေနှင့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ရွှေနန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်းစစ်ဆေးရေးဂိတ်များမှတစ်ဆင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနေမှုနှင့် ယာဉ်ကြီးယာဉ်ငယ်များဖြင့် ကုန်စည်စီးဆင်းနေမှု၊ နှစ်နိုင်ငံပြည်သူများအား ယာယီဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ဆောင်ရွက်ပေးနေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာရာတွင် အဆင်ပြေမြန်ဆန်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေးဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့် ဂိတ်များဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)ဖြင့်သာ ဖြတ်သန်းခွင့်ပြုခဲ့ရာမှ နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့်ပါ ခွင့်ပြုပေးလျက်ရှိရာ နယ်စပ်ဂိတ်များမှ ပြည်သူများဝင်ထွက်မှု ပိုမိုများပြားလာပါကြောင်း၊ ထို့ပြင် မကြာမီကာလ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) ဖြင့်ပါ ဝင်ထွက်သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ လိုအပ်သောဝန်ထမ်းအင်အား၊ စက်ကိရိယာပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ကြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်ထားကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အချိန်နှစ်တစ်ပြေးညီ တင်ပြရန်လိုကြောင်း မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport)ဖြင့် ဝင်ထွက်သွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူးနှင့် ရွှေလီမြို့တော်ဝန်တို့ကို ရွှေလီမြို့ မုန်းမော်ဟန့်ဟိုတယ်၌ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လူဝင်မှုစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ ပြည်သူများ ဝင်ထွက်သွားလာနိုင်ရေးနှင့် နယ်စပ်စစ်ဆေးရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် နယ်စပ်ဂိတ်များ၌ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကုန်တင်ယာဉ်ကြီး ယာဉ်မောင်းများ ဝင်ထွက် သွားလာမှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာရာတွင် အဆင်ပြေစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)