MNP ၊ စက်တင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ နမ့်ထွမ်ချောင်းရေမှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။
ထို့နောက် ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ တောင်တန်းသာသနာပြုကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော် အမှူးပြုသော ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဟိုခိုကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆရာတော်/ သံဃာတော်များအတွက် ဆွမ်းဆန်တော် (၇)အိတ်၊ ဆီ (၄) ပုံး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုပရဟိတ အသင်း/အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး အဓိကနိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မိမိတို့တစ်ဦးချင်းစီက စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင်လည်း အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအတွက် အမှတ်တရလက်ဆောင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုပရဟိတအသင်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုးတက်လာသည့် မြို့ပြများနှင့် တန်းတူညီမျှသည့် ဖွံ့ဖြိုးတိုးတက်သော တောင်ပေါ်ဒေသများဖြစ်စေရေး ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအပေါ် စနစ်တကျစီမံခန့်ခွဲသွားရေးနှင့် လိုအပ်သည်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြား၍ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ (၁၃) ခုတို့အတွက် ဆန်အိတ် (၁၃) အိတ်၊ (၁၀) ပိဿာဝင် ဆီ (၆) ပုံးနှင့် ငွေကျပ် ၁၃ သိန်းတို့ကို ပေးအပ်လှူဒါန်းကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် ပူတာအိုခရိုင်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် အာဂါပေအသင်းနှင့် ယူနီတီအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ အာဂါပေအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပထမဆုရဆု ဘောလုံးအသင်းအတွက် တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (နမ့်တာလဲ) ကိုလည်းကောင်း၊ ဒုတ္တန်ရပ်ကွက်အတွင်းရှိ ရဝမ်မနောဥယျာဉ်အတွင်း ရဝမ်အမျိုးသားပြတိုက်ကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ရဝမ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထိုမှတစ်ဆင့် အဆိုပါ ဒုတ္တန်ရပ်ကွက်အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ပူတာအို) သို့ သွားရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးက ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကိုကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံအတွက် အရေးကြီးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် အလေးထားလုပ်ဆောင်ကြရေးနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ဒေသခံများအတွက် အခြေခံလျှပ်စစ်မီးသွယ် တန်းခြင်းလုပ်ငန်းများ သင်ကြားနေမှုနှင့် ကျောင်းသားများအား ဘာသာရပ်အလိုက် ပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်အတွင်းရှိ မတ်ပန်ကွင်း၌ အထွက်တိုး ဆင်းဧကရီ -၃ မိုးစပါး စိုက်ကွင်းအတွင်း မြေသြဇာကြဲပက်ပွဲနှင့် သဘာဝမြေသြဇာသရုပ်ပြပြုလုပ်အသုံးပြုနည်းများ တောင်သူအသိပညာပေးအခမ်းအနားသို့ တက်ရောက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီမှူးနှင့် ဝန်ထမ်းများ၏ သရုပ်ပြရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment