MNP ၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံအစားအစာထုတ်ကုန် ပစ္စည်းထုတ်လုပ်မှုနည်းပညာ ဖြန့်ဝေပေးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးညီညီစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးမည့် ဆရာ/ ဆရာမများ၊ အစိုးရနည်းပညာတက္ကသိုလ် / ကောလိပ်/ သိပ္ပံအသီးသီးမှ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းရှင်များထုတ်လုပ်မှု ကဏ္ဍတိုးမြှင့်ထုတ်လုပ်လာနိုင်စေရန်၊ ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များစီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးကွက်နှင့် အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့် ပေးနိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်၊ စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးနှင့်ညီညွတ်သော လူသုံးကုန်/ စားသောက်ကုန်သစ်များ တိုးချဲ့ထုတ်လုပ်လာနိုင်စေရေးနှင့်၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးတို့ကို ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်း တက်ရောက်သူများအနေဖြင့် သင်ကြားပေးမဲ့နည်းပညာတွေကို သေသေချာချာမှတ်သားပြီး ရှေ့ဆက်ပြီးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံအစားအစာထုတ်ကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေးနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး မွန်ပြည်နယ်ထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံအစားအစာထုတ်ကုန် ပစ္စည်းထုတ်လုပ်မှုနည်းပညာ ဖြန့်ဝေပေးရေးသင်တန်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသား (၁၄၀) ဉီးတက်ရောက်သင်ကြားကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment