MNP ၊ အောက်တိုဘာ ၂၈
ယမန်နေ့က တပ်မတော်စစ်စခန်းများ၊ ရဲစခန်းများကို မြောက်ပိုင်း နွားသုံးကောင် အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူများလည်း နွားသုံးကောင်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန် သေဆုံးမှုများ ရှိခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နွားသုံးကောင် အကြမ်းဖက်သောင်းကျန်းသူ အုပ်စုမှ တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် တပ်မဟာ(၆) စစ်ဒေသအတွင်း တပ်မတော်စစ်စခန်း(၁)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။
မြောက်ပိုင်း နွားသုံးကောင် အကြမ်းဖက်သောင်းကျန်းသူများ၏ ထုတ်ပြန်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တအာင်းပြည်နယ် တပ်မဟာ(၆) စစ်ဒေသ လားရှိုးမြို့နယ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်စခန်း (၁)ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၂၇ရက်နေ့တွင် တပ်မဟာ(၆)စစ်ဒေသ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို နံနက်ပိုင်း (၅း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်ခဲ့ပြီး၊ နေ့လယ်ပိုင်း (၁၂း၀၀)နာရီအချိန်တွင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) (၃)ခု တို့ကို နံနက်ပိုင်း (၄း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီအလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့မိကြောင်း၊ ယမန်နေ့ ၁ရက်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာ ( ၇)ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟက်ယဉ်ဖြင့် ( ၅)ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် ( ၁၂)ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ညပိုင်းက မြောက်ပိုင်း နွားသုံးကောင် အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်က နှိမ်နင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
https://t.me/MyanmarNationalPost
No comments:
Post a Comment