ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လှည်းကူးမြို့နယ်အတွင်း ရေကြီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး၍ ရေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လှည်းကူးမြို့နယ်အတွင်း ရေကြီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး၍ ရေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများပေးအပ်















MNP ၊ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်တိုဘာ (၁၀)ရက် နံနက်ပိုင်းက လှည်းကူးမြို့နယ်သို့ ရောက်ရှိပြီး လှည်းကူးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေကြီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် လှည်းကူးမြို့နယ် ပဲခူးလမ်းနှင့် အမြန်လမ်း ကြားရှိ ကပျဉ်ရိုးကျေးရွာ ရေကြီးနစ်မြုပ်မှုအခြေအနေနှင့် ရေဘေးရှောင်ပြည်သူများအား ရေလွတ်ရာ နေရာများသို့ ယာယီပြောင်းရွေ့နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ကျေးရွာအတွင်း ရေကြီးနေမှုအခြေအနေနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် လှည်းကူးမြို့နယ် ရန်ကုန် - ပဲခူးကားလမ်းမဘေးရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ရေဘေးရှောင်ပြည်သူများအတွက် အစားအသောက် ထောက်ပံ့ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ မီးသတ်၊ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များက သယ်ယူပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အဆင့်ဌာနများ၊ ကြက်ခြေနီအဖွဲ့၊ လှည်းကူးခရိုင်၊ မြို့နယ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယာယီရေဘေး ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများအား အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ ပေးနိုင်ရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန် ကားလမ်းကြောင်းများ ရှင်းလင်းထားရှိရေး၊ ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး၊ ရေကြီးချိန် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားရှိရေး၊ ရေဝင်ရောက်သည့် ကျေးရွာများတွင် ဆွမ်း၊ ကွမ်းအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအတွက် ဆွမ်း၊ ကွမ်းများ အချိန်မီ စီစဉ် ဆောင်ရွက်ပေးနိုင်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရေး ဆွေးနွေးမှာကြားပြီး၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အဆိုပါ လှည်းကူးပညာရေး ဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမတွင် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားခဲ့ပြီး၊ ရေဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဘဲဥ၊ ငါးသေတ္တာ၊ ရေသန့်၊ ဓာတ်ဆားထုပ်၊ ခေါက်ဆွဲခြောက် စသည့် အစားအသောက်၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှည်းကူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့ငွေများ ပေးအပ်သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် လှည်းကူးမြို့နယ်၊ ခရောင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာလမ်းတစ်လျှောက် ရေဝင်ရောက်မှု၊ ကျေးရွာရှိ လူနေအိမ်များအတွင်း ရေဝင် နစ်မြုပ်မှုအခြေအနေနှင့် ကျေးရွာနေပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးနေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ရေဘေးရှောင် ပြည်သူများအား ရင်းနှီးနွေးထွေးစွာ အားပေး စကားပြောကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရာတွင် လုပ်ငန်းများ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် လမ်းများအား ရှင်းလင်း ဆောင်ရွက်ထားရှိရေးအတွက် ဆွေးနွေးမှာကြားရာ အမှတ်(၂) ရဲလုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်ဝင်းမင်းသိန်းနှင့် မြောက်ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးတင်ခိုင်တို့က ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၂ မိုင် တံတားအောက်၊ ဘေး၊ ဝဲ၊ ယာ ရေကြီးနစ်မြုပ်နေမှုနှင့် အမြန်လမ်း ၁၁ မိုင်ရှိ ငမိုးရိပ် တံတားပေါ်မှတဆင့် ငမိုးရိပ်ချောင်း ရေစီးဝင်မှုနှင့် ရေလမ်းကင်းလွတ်မှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရေဝင်ရောက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)