ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်


MNP ၊ အောက်တိုဘာ ၆

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စသည့်ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပသည့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့တွင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးကို သီရိလင်္ကာ၊ ချီလီ၊ ကင်ညာနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ Nyingchi မြို့တွင် သီးခြားတွေ့ဆုံပြီး တိဗက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကဏ္ဍများတွင် ဒေသတွင်းနိုင်ငံများသာမက အခြားကမ္ဘာနိုင်ငံများကိုပါဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် တတိယအကြိမ် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တက်ရောက်လာသော နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်နှင့်ဝန်ကြီးများက အမှာစကားများ ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာနေထိုင်မှုသည် လူသားများနှင့် သဘာဝအကြား အပြန်အလှန်အမှီသဟဲပြုပြီး ကောင်းမွန်သော သက်ရှိဘဝကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သစ်တောများကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများကိုနိုင်ငံ၏ ဦးစားပေးကဏ္ဍအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ၄၇ ရာခိုင်နှုန်းသည် ဟိမဝန္တာဒေသ တွင်းကျရောက်နေပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အချက်အချာနေရာ များဖြစ်သော အင်ဒို - မြန်မာ၊ တရုတ်အနောက်တောင်တောင် တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒဆိုင်ရာ ကူးပြောင်းမှုဧရိယာအတွင်း တည်ရှိပါကြောင်း၊ ကချင်ပြည်နယ်မြောက်ပိုင်း တောင်တန်းဒေသတွင် သဘာဝ ထိန်းသိမ်းရေးနယ်မြေရှစ်ခု နိုင်ငံဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရှိပါကြောင်း၊ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝအ‌ခြေပြုလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် လက်တွေ့ကျ၍ ခိုင်မာသောမူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် အကြံပြုလိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင် တန်းဒေသ နိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့်ရပ်ဝန်းဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဖိုရမ်တွင် လူသားမျိုးနွယ်နှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများမျှဝေခြင်း ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nyan-gchi မြို့တွင် သတင်းမီဒီယာများ၏ ဖိုရမ်နှင့်ပတ်သက်သည့် မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး တိဗက်ယဉ်‌ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကြိုဆိုမိတ်ဆက်ညစာစားပွဲနှင့် ယဉ်ကျေးမှုအက ဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)