MNP ၊ အောက်တိုဘာ ၂၈
ယနေ့သည် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့်ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိ ပူဇော်ခြင်းများဆောင်ရွက်ကြသည်။
ထို့ပြင် ဘုရားဖူး ရဟန်း၊ ရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment