တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်လျက်ရှိ






MNP ၊ အောက်တိုဘာ ၁၃

ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နေမှုတို့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး သဘာဝဘေးကွပ်ကဲမှုရုံး၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေး စခန်းများအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုးက ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း၌ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းများအလိုက် ယာယီဘေလီတံတား တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အနောက်ဘက်မြို့ရှောင်လမ်း၌ ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် လမ်းပိုင်း(၄)ခု၌ ယာယီဘေလီတံတား တည်ဆောက်မှုလုပ်ငန်းခွင့်သို့ ရောက်ရှိခဲ့ပြီး ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့်လမ်းဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး၊ ပဲခူးမြို့သည် လမ်းဆုံမြို့တစ်ခုဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေရသည့် အရှေ့ဘက်နှင့် အနောက်ဘက်မြို့ရှောင်လမ်းများတွင် ရေကျော်မှုမရှိစေရေးနှင့် ရေစီးရေလာ ပိုမိုကောင်းမွန်စေရေး လိုအပ်သည့်နေရာများတွင် တံတားတည်ဆောက်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။  


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြီးနစ်မြှုပ်ခဲ့သည့် မြို့မဈေးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ ဈေးအတွင်း ပုံမှန်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပန်းလှိုင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး စာသင်ကျောင်းများ၏ ရေသန့်စင်စက်များ ပြန်လည်ပြင်ဆင်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျောက်ကြီးစုရပ်ကွက်၌ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ရေသန့်အခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးမြို့၏ အဓိကရေထွက်ပေါက် ပိတ်ဆို့နေမှုများ စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီးသဘာဝဘေး ကွပ်ကဲမှုရုံး၌ ပဲခူးမြို့ရေကြီးမှုပေါ် လာရောက်လှူဒါန်းသည့် အလှူရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဆန်ကုန်သည်များအသင်း၊ ဆန်/စပါးလုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပြင်ပအလှူရှင်များက အလှူငွေနှင့် စားသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)