ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးကလေးပြုစုရေးဌာန၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ သဘောသဘာဝအရ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာပေကောင်းများကို ဖတ်ရှု၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပံ့ပိုးထောက်ပံ့ပေးမူများကို အချက်အလက်ပြည့်စုံစွာဖြင့် မှတ်တမ်းထားရှိရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးကလေးပြုစုရေးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မူလတန်းကြိုကျောင်းများတွင် ပြုစုပျိုးထောင်ပေးလျက်ရှိသော ကလေးများနှင့် ပတ်သက်၍ ငယ်စဉ်ကတည်းက အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ချင်းစာနာစိတ်များ ထားရှိတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ရန်နှင့် အများကိုဦးစားပေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် သင်ကြားလေ့ကျင့်ပေးစေလိုကြောင်း၊ သို့မှသာ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်နိုင်ငံတော်၏ လူသားစွမ်းအားစုများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူငယ်လူရွယ်များဖြစ်ရန် ကြိုးစားအားထုတ်နေထိုင်သွားစေလိုကြောင်း မှာကြားပြီး ကျောင်းသားများ၏ သက်မွေးပညာရပ်များ သင်ကြားလေ့ကျင့်နေမှုများကို လှည့်လည် ကြည့်ရှုသည်။

ယင်းနောက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)