စွန့်ပစ်ပစ္စည်းများကို အသုံးပြုထုတ်လုပ်သည့် မြစ်ကြီးနားမြို့မှ ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စွန့်ပစ်ပစ္စည်းများကို အသုံးပြုထုတ်လုပ်သည့် မြစ်ကြီးနားမြို့မှ ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း





ဖြိုးလေး၊ ငုရွှေဝါ၊ ဓာတ်ပုံ-ဇော်ဘောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။


ကချင်ပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း အရေအတွက်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ အကြီးစားလုပ်ငန်း ၁၁၉ ခု၊ အလတ်စားလုပ်ငန်း ၂၅၃ ခု၊ အငယ်စားလုပ်ငန်း ၁၆၆၅ ခု စုစုပေါင်း၂၀၃၇ ခု ရှိကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။


နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ လုပ်ငန်းရှင်များ၏ ကိုယ်တိုင်တီထွင် ကြံဆမှုတို့ကြောင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင်မြင် လာသောလုပ်ငန်းများ ရှိနေပါသည်။ အဆိုပါလုပ်ငန်းများအနက် ဒေသဖွံ့ဖြိုး ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော မြစ်ကြီးနားမြို့ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ဦးဘင်ဂျမင် (ခ) ဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြလိုက်ရပါသည်။


စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း

အဆိုပါ စက္ကူနှင့်စာအုပ်ထုတ်လုပ် ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ တည်ထောင်ခဲ့သည့် စက်မှုလုပ်ငန်းကို အမြဲထိတွေ့ခဲ့ခြင်း၊ မန္တလေးမြို့ရှိ စက်မှုဇုန်များသို့ ရောက်ရှိမြင်တွေ့ခဲ့ခြင်းတို့ကြောင့် ဒေသတွင်စက်ရုံလည်ပတ်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စက္ကူများထုတ်လုပ်ရာတွင်လိုအပ်သည့် ပျော့ဖတ်အတွက် စွန့်ပစ်ပစ္စည်းများကို Recycle နည်းဖြင့် အသုံးပြုပြီး ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအသုံးပြုပြီး ပြန်လည်အသုံးပြု၍ မရသည့်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တည်ထောင်သူက ပြောပြသည်။


ယင်းလုပ်ငန်း စတင်လည်ပတ်ချိန်တွင် စက္ကူအနေဖြင့် ဘားဖြူ၊ ဘားပြာ အမျိုးအစားဖြစ်သည့် စက္ကူအကြမ်းများကိုသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ဘားဖြူ၊ ဘားပြာ၊ အကြမ်းတို၊ အကြမ်းရှည်၊ ဗလာစာအုပ်တစ်ဖက်ချော၊ ဂျပ်ညို၊ နေလှန်းကတ်များကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ထို့ပြင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် တစ်ရှူးစက္ကူလိပ်များပါ ထုတ်လုပ်လျက်ရှိသည်။ ဘားဖြူ အမျိုးအစားစာအုပ်များကို တစ်နှစ်လျှင် အုပ်ရေသန်းနှင့်ချီပြီး ထုတ်လုပ်နိုင်ကြောင်း၊ ပြည်နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းများ၏ ကုန်ပစ္စည်းများ ထုပ်ပိုးရာတွင်လိုအပ်သည့် ဂျပ်ပုံးများပါ ထုတ်လုပ်ပေးလျက်ရှိသည်။ ထိုသို့ စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်သဖြင့် အခြားဒေသမှ မှာယူသုံးစွဲနေရမှုအပေါ်လျှော့ချနိုင်ပြီး ကုန်ကျစရိတ် သက်သာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ယခင်က စက်တစ်လုံးဖြင့် လည်ပတ်စဉ်က ဒေသအတွင်းရှိသည့် ကုန်ကြမ်းများဖြင့် လုံလောက်သော်လည်း တစ်ရှူးစက္ကူလိပ်စက်လည်ပတ်ချိန်တွင် ရန်ကုန်မှကုန်ကြမ်းများ ဝယ်ယူအသုံးပြုရကြောင်း သိရသည်။ ထို့အတူ ဖြိုးဝေဝေမှ ထုတ်လုပ်သည့် စက္ကူနှင့် စာအုပ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးတို့သို့ပါ တင်ပို့ကြောင်း၊ ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံများတွင် အသုံးပြုသည့် ကတ်ထူစက္ကူကို တစ်လလျှင် ၃၂ တန် ခန့်တင်ပို့ရပြီး မန္တလေးမြို့သို့ တစ်လငါးတန်ခန့် တင်ပို့လျက်ရှိကြောင်း၊ တစ်ရှူးစက္ကူလိပ်ကို ပြည်နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။


စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းကို စွန့်ပစ်ပစ္စည်းများအား Recycle နည်းဖြင့် လုပ်ကိုင်နိုင်သည့်အတွက် ဒိန်းမတ်နိုင်ငံမှ (သဘာဝနှင့်ကိုက်ညီသော အညစ်အကြေး စွန့်ပစ်မှု ကဏ္ဍ) တွင် တာဝန်ယူမှုရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် ထောက်ပံ့မှုတစ်ကြိမ် ရရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က စီးပွားရေးဆိုင်ရာထူးချွန်ဆု (ပထမ အဆင့်) ချီးမြှင့်ခံရကြောင်း သိရသည်။


ငွေကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထား

ယခု စက်ရုံလည်ပတ်နိုင်ရန် မတည်ရင်းနှီးငွေအနေဖြင့် ငွေကျပ်သိန်း ၄၈၀၀ ခန့် ကုန်ကျခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အနေဖြင့် ငွေကျပ်သိန်း ၁၃၅၀ ထုတ်ချေးရရှိထားသည်။ ထိုသို့ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုကြောင့် မကြာမီကာလတွင် နှစ်ဖက်ချောစက္ကူစက် လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ နှစ်ဖက်ချောစက္ကူ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံးအတွက် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားရကြောင်း၊ နိုင်ငံတော်ကယခုလို MSME လုပ်ငန်းများကို တွန်းအားပေး ကူညီလာမှုအပေါ် အတိုင်းမသိဝမ်းသာ ဂုဏ်ယူကျေးဇူးတင်ကြောင်း လုပ်ငန်းပိုင်ရှင်၏ပီတိသံကိုလည်း ကြားသိရသည်။


စာအုပ်ဒါဇင်လေးသိန်းနီးပါးထုတ်လုပ်

အဆိုပါ လုပ်ငန်းတွင် လက်ရှိဝန်ထမ်း ၄၅ ဦးကို နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဖက်ချောစက္ကူစက်ကိုလည်ပတ်ပါက တစ်နေ့စာအုပ်ဒါဇင်လေးသိန်းနီးပါး ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ဝန်ထမ်း ၁၂၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိဝန်ထမ်းများကို နေထိုင်နိုင်ရေး စီစဉ်ပေးထားသည့်အပြင် ဝန်ထမ်းတစ်ဦး၏ လစဉ်ဝင်ငွေမှာ အနည်းဆုံး ငွေကျပ်တစ်သိန်းငါးသောင်းမှ လေးသိန်းငါးသောင်းအထိ ရရှိကြသည်။ ထို့ပြင် ကျန်းမာရေး အာမခံလည်းထားပေးပြီး ၎င်းဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူ ၁၀ ဦးခန့်ကိုလည်း ကျောင်းစရိတ် ထောက်ပံ့ပေးလျက်ရှိသည်။


ကချင်ပြည်နယ်တွင် ဝါးပေါများသဖြင့် ဝါးနှင့်ပတ်သက်သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နေမှုမှထွက်ရှိသော အသုံးမပြုတော့သည့် အပိုင်းအစများအား ပျော့ဖတ်ရရှိအောင် ဆောင်ရွက်၍ ကုန်ချောပစ္စည်းများထုတ်လုပ်ရန် ရည်မှန်းထားကြောင်း၊ ပြည်တွင်းသုံး တစ်ရှူးအပါအဝင်ဖြစ်ကြောင်း၊ နောက်တစ်မျိုးအနေဖြင့် ပြည်နယ်အတွင်း ငှက်ပျောစိုက်ဧကများစွာမှ ထွက်ရှိလာသည့် စွန့်ပစ်ငှက်ပျောပင်စည်များကို ပျော့ဖတ်ထုတ်မည်ဖြစ်ကြောင်း၊ ငှက်ပျောအမျှင်များမှတစ်ဆင့် ငှက်ပျော ပျော့ဖတ်ချက်ပြီး စက္ကူထုတ်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ ငှက်ပျော ပျော့ဖတ်သည် အခြားသစ်ပင်၊ ဝါးပင် များမှထွက်သည့် ပျော့ဖတ်များထက် လေးဆပိုမိုခိုင်ခံ့ကြောင်း၊ ယင်းပျော့ဖတ်မှတစ်ဆင့် နိုင်ငံခြားဝင်ငွေရရှိအောင် ထုတ်ကုန်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။


ထိုကဲ့သို့ စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဖြိုးဝေဝေ စက္ကူနှင့်စာအုပ် ထုတ်လုပ်ရေးလုပ်ငန်းက ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလျက်ရှိသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)