မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၃)


အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၅ (၁) အရ အသက် အရွယ်အိုမင်းပြီး မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိရမည်ဖြစ်ပါ၍ အသက် ၆၀ နှစ်အထက်ကို သက်ကြီးရွယ်အိုဟု ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က သတ်မှတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၅/၁၀၆ ဖြင့် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) ဟု အတည်ပြု သတ်မှတ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ် (International Year of Older Persons - IYOP)” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၅) ဖြင့် သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂက နှစ်စဉ်သက်ကြီးရွယ်အိုများအတွက် ဦးတည်ချက်ဆောင်ပုဒ်များ သတ်မှတ်ပေးလေ့ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” (သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့) ဖြစ်ပါသည်။

သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံမှု ရပိုင်ခွင့်များရရှိစေရန် ကုလသမဂ္ဂအထွေထွေညီလာခံက (၄၆/၉၁) ဖြင့် ချမှတ်ခဲ့သော အခြေခံမူများမှာ သက်ကြီးရွယ်အိုများသည် စားဝတ်နေရေးနှင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုများရရှိခွင့်၊ အခြားဝင်ငွေ ရှာဖွေနိုင်သည့် အခွင့်အလမ်းများရရှိခွင့်၊ အသင်းအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းဆောင်ရွက်ခွင့်၊ ရေရှည်ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့အဖွဲ့အစည်း၏ပညာရေး၊ ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ အရင်းအမြစ်များရရှိသုံးစွဲခွင့်၊ လူ့ဂုဏ်သိက္ခာနှင့် လေးစားထိုက်သူများ ဖြစ်စေခွင့်စသည့် အခွင့်အရေးများ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်က အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု နိုင်ငံတော်၏အခြေခံမူတွင် ဖော်ပြထားသည့်အပြင် သက်ကြီးရွယ်အိုအသက်အား ၆၀ နှစ်အထက်ဟုသတ်မှတ်ပြီး အခွင့်အရေးများကိုလည်း သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေ၌ ဖော်ပြထားပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၆ ခုနှစ်တွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များဖိုရမ် (South East Asia National Human Rights Institutions Forum- SEANF) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ဖိုရမ်၏ထုတ်ပြန်ချက်တစ်ရပ်ကို ဆောင်ရွက်ခဲ့ပါသည်။

သက်ကြီးရွယ်အို အရေအတွက် တိုးမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာခြင်းကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ ပိုမိုသိရှိကျင့်သုံးလာနိုင်ရေးအတွက် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ခြင်း (Caregiver) သင်တန်းများသို့ သက်ကြီးရွယ်အိုအခွင့်အရေးများ ဘာသာရပ်သင်ခန်းစာ သွားရောက်ပို့ချလျက်ရှိသည့်အပြင် ဘိုးဘွားရိပ်သာများသို့သွားရောက်၍ ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးလျက်ရှိပါသည်။

အသက်အရွယ်ကြီးရင့်မှုကြောင့် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ ချန်လှပ်ခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကင်းဝေးပြီး အသက်ရှည်ရှည်နေရုံမျှမက ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ကြစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များက သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးခြင်းသည် အသက်ကြီးရင့်မှုကို အလေးထားသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရေး ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် သတင်းထုတ်ပြန်ဖော်ပြအပ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)