MNP ၊ အောက်တိုဘာ ၂၈
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့်အတူ ယမန်နေ့က ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအား ကောင်းသော နိုင်ငံရေး ပါတီများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အားအနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်း ဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလ အတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ရှိမည် မဟုတ်ပါကြောင်း။
ယခုကဲ့သို့ နိုင်ငံရေးပါတီများကို ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြု ရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပ နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန် ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေး အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ် အပါအဝင် အဆင့်မြင့်အိုင်တီ နည်းပညာများ အသုံးပြုဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ကို မြန်မာနိုင်ငံမှ ပညာရှင် များ၏အကူအညီဖြင့် တီထွင် ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့ စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ခရိုင် စည်းရုံးရေး မှူးများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေး ဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲ များကိုတင်ပြ ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များ အပေါ် အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြော ကြားသည်။
တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ် ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံ ရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာ နိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ) တို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment