(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတက်ရောက်






MNP ၊ အောက်တိုဘာ   ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့လုံးဆိုင်ရာ(၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မရာဇိန်ဘုန်းကြီးကျောင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်သည်။


ရှေးဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  ပြည်နယ်ဝန်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးဂျတောရကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ကိတ္တိဝဏ္ဏထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် သံဃဂိုဏ်းပေါင်းစုံ သြဝါဒစရိယဆရာတော်ကြီးများထံမှ မေတ္တသုတ်၊ ရတနသုတ်အစရှိသော ပရိတ်တရားတော်များအား ချီးမြှင့်သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများတို့က သြဝါဒစရိယဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီး ယာဝဘောဇနကျောင်း ဆရာတော်ဘဒ္ဒန္တကေတုဝါရထံမှ (၄၄)ကြိမ်မြောက်မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ငွေစာရင်းရှင်းတမ်းနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီမှ ဆံတော်ရှင်ကန်ကြီးစေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ရေရှည်တံ့တည်ခိုင်မာစေရန်အတွက် အလှူငွေကျပ် (၁၅)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှပေးအပ်ကာ တာဝန်ရှိသူများက လက်ခံခဲ့၍ ကျောက်ဝိုင်းကျောင်းဆရာတော်ကြီးမှ သြဝါဒကထာချီးမြှင့်ခဲ့သည်။


ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက်  ဓမ္မရာဇိန်ကျောင်းတိုက် ဆရာတော်ဉုးဝရုဏမှ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌာတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သားငယ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)