ပျက်ယွင်းနေသော ယန္တရားကို ထိန်းကျောင်းပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျက်ယွင်းနေသော ယန္တရားကို ထိန်းကျောင်းပေးစေလို (အိတ်ဖွင့်ပေးစာ)



ကျွန်တော်က မြန်မာပြည်အလယ်ပိုင်းက ကျောင်းဆရာတစ်ဦးပါ ခင်ဗျာ -

ကျွန်တော်တို့ ရွာကလေးက အစိုးရလျှပ်စစ်မီးမရပါ။ ညဘက်ဆို မီးစက်လေးတွေ အားကိုးပြီး လုပ်စရာရှိတာလုပ်ရတာပါ။ ကျွန်တော်က ကျောင်းဆရာဆိုတော့ ကလေးတွေကို စာသင်ရတာပေါ့။ ကျွန်တော်ပိုင်တဲ့ မီးစက်လေးနဲ့ ရွာထဲက ကလေးတွေရဲ့အိမ်ကို အဿပြာမယူဘဲ မီးပေးခဲ့ပါတယ်။ မီးကြိုးဖိုးကတော့ မိဘတွေ စိုက်ထုတ်ပါတယ်။ တစ်ရွာလုံးတော့ မီးမပေးနိုင်ပေမယ့်လည်း မီးရတဲ့ အိမ်တွေဆီ ကလေးတွေ စုပြီး စာလုပ်ကြပါတယ်။ ရတဲ့လစာလေးပဲရှိပြီး မချမ်းသာပါ။ ကျောင်းဆရာဘဝကို ဝါသနာပါလွန်းလို့ အသက်ကိုခြိမ်းခြောက်ခဲ့တာတောင် ကျွန်တော့်အလုပ်ကို မစွန့်လွှတ်ခဲ့ပါဘူး။ အခုဆို တော်တော်အခက်အခဲ ဖြစ်နေပါတယ်။ စက်သုံးဆီဈေးတွေကြီးလွန်းလို့ပါ။  

ဘာကြောင့် စက်သုံးဆီတွေ ဈေးကြီးရလဲဆိုတာ ကျွန်တော်လေ့လာကြည့်လိုက်တော့ စက်ဆီသယ်လာတဲ့ ဘောက်ဆာတွေကို ဂိတ်တွေက ပိုက်ဆံတွေကောက်တယ်။ အချို့ဂိတ်တွေက ပိုက်ဆံလည်း ယူတယ်။ ပြီးတော့ တရားမဝင်ဆီဆိုပြီး အမျိုးမျိုးရစ်နေတော့ ပိုက်ဆံကို ပုံမှန်ထက်ပိုပြီးပေးနေရပါတယ်။

ကျွန်တော် သူတို့ကို မေးတော့ အစိုးရရဲ့မူလို့ပြောပါတယ်။ ကျောင်းဆရာဆိုတော့ ကျွန်တော် သူများထက်တော့ ပိုသိပါတယ်။ အစိုးရရဲ့မူက နိုင်ငံခြားငွေချွေတာချင်လို့ မလိုအပ်ဘဲ ဆီတွေမသုံးကြဖို့ပါ။ ကျွန်တော်တို့က လိုအပ်လွန်းလို့ သုံးနေရတာပါ။ မြို့နယ်ထဲမှာ စက်သုံးဆီနဲ့ လည်ပတ်နေရတဲ့ ဆန်စက်၊ ဆီစက်၊ ထွန်စက် လုပ်ငန်းတွေ အများကြီးပါ။ သူတို့က ဒီစက်သုံးဆီကိုပဲ အားကိုးနေရတာ။ အဲဒီစက်တွေ အသုံးမပြုဘဲ ကျွန်တော်တို့ မရပ်တည်နိုင်ပါဘူး။ ပြီးတော့ စာမေးပွဲတွင်းကာလဖြစ်တဲ့အတွက် ကလေးတွေစာကြည့်နိုင်ဖို့ မီးစက်မီးကို အားကိုးရပါတယ်။

ကျွန်တော် ဘဝင်မကျတာတစ်ခုက အစိုးရက တရားဝင်တင်သွင်းလာတဲ့ စက်သုံးဆီကို အခြားအလုပ်တွေအတွက် အသုံးပြုလို့ရပါတယ်။ မှောင်ခိုဆီတွေလည်း မဟုတ်ပါဘူး။ ဥပမာ - မန္တလေးမြို့က အစိုးရကို အခွန်ဆောင်ပြီး တရားဝင်ရောင်းချနေတဲ့ဆိုင်က ဆီတွေကို မကွေးတိုင်းထဲကို ဘောက်ဆာတွေနဲ့ ကဲ့ယူတယ်ဗျာ။ အဲဒီတရားဝင် သယ်လာတဲ့ဆီကားတွေကို ဂိတ်တွေက ငွေတောင်းတယ်၊ ပေးတယ်၊ အချို့ဂိတ်တွေက ငွေပေးရုံတင်မကဘူး အကြောင်းအမျိုးမျိုးပြပြီး ဆီကားတွေကိုပါ သိမ်းတယ်။ 

အဲတော့ စဉ်းစားကြည့်ဗျာ .. ကျွန်တော်တို့က ဆီကို ကားနဲ့မသယ်ဘဲ ပါးစပ်ထဲ ငုံပြီးလာလို့မှမရတာ။ အဲဒီဆိုးကျိုးတွေက စက်သုံးဆီဈေးတွေ တက်လာတယ်။ တက်လာတော့ အခြေခံစားကုန်တွေဈေးတက်ကုန်ရော။ နောက်ဆုံးခံရတာက စားဝတ်နေရေးရော၊ ပညာရေးရောမှာ ကျွန်တော်တို့နယ်ခံတွေ သူများထက်ခံစားကြရတယ်။ ကုန်သည်တွေကလည်း သူတို့အိတ်ထဲက အပါမခံပါဘူး။ အကုန်ဈေးတင်ရောင်းတာပါ။ ခံရတာ ကျွန်တော်တို့လို မျက်နှာမွဲပြည်သူတွေပါပဲ။

အဲဒါကြောင့် အစိုးရက “မူ”မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ အောက်ခြေဝန်ထမ်းတွေက မမှန်လို့ အားလုံးဒုက္ခတွေရောက်ရတယ်။ ပြည်သူတွေက တရားမဝင် ဂိတ်ကြေးကောက်ပြီး ရစ်နေတဲ့သူတွေကို မဆဲကြပါဘူး။ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရကိုပဲ ဆဲကြပါတယ်။

ကျွန်တော်လည်း ရင်ထဲမှာ တော်တော် မြိုသိပ်ထားရတယ်။ နိုင်ငံတော်အကြီးအကဲတွေ သိစေချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေအပေါ် အများပြည်သူ အထင်လွဲ အမြင်မှား ဖြစ်အောင် လုပ်ဆောင်နေကြသူများက ယန္တရားအတွင်းမှာ ကိုယ်ကျိုးရှာနေကြသူများ ဖြစ်ပါတယ်။ အဲဒီလို အာဏာအလွဲသုံးစား ဝိသမလောဘသားတွေက များလွန်းမက များလာတဲ့အခါ ပြည်သူတွေက အစိုးရအပေါ် မလိုလားမုန်းထား နိုင်ငံရေးလုပ်စားသူတွေရဲ့ ကျော့ကွင်းထဲ ရောက်ကုန်ကြတော့တာပဲ။

ပျက်ယွင်းနေတဲ့ ယန္တရားကို ထိန်းကျောင်းပေးမှသာလျှင် နေ့စဉ် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ သက်သာချောင်ချိပါလိမ့်မယ်။ နေ့စဉ် ကုန်ဈေးနှုန်းမြင့်တက်ရခြင်း အကြောင်းရင်းများမှာ အာဏာအလွဲသုံးစားလုပ်ပြီး ဟောက်စား ခြောက်စားလုပ်နေတဲ့ အခွန်အခတွေကိုပါ စားသုံးသူ ပြည်သူများက ကျောကော့ပြီး ခံနေကြရလိုပါ။


ကျောင်းဆရာတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)