MNP ၊ အောက်တိုဘာ ၂၄
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယမန်နေ့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်များသို့သွားရောက်၍ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်များအဖြစ် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးကြမည့် ဝါရင့်အနုပညာရှင်ကြီးများနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၊ အုပ်ချုပ်မှုအဖွဲ့များနှင့် အုပ်ထိန်းသူမိဘများ၏ နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက်ဆောင်များ၊ စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေမှုများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကျန်းမာရေးနှင့် ဆေးအကာအကွယ်ပေးရေးအဖွဲ့များ စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ရောက်ရှိနေကြသည့် အကဲဖြတ်ဒိုင်အဖွဲ့ဝါရင့်အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင်အဖွဲ့သူ၊ အဖွဲ့သားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment